ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီ ရေတပ်က နိုဝင်ဘာ ၂၇ ရက် မနက် ၃ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲရိုးပြင်ရွာက ဘုန်းကြီးကျောင်း တကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲရိုးပြင်ရွာဒေသခံတဦးက “ရွာမှာက ရွာသားတွေ သိပ်မကျန်တော့ဘူး။ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ။ အဲဒီမီးလောင်နေတဲ့ ဘုန်းကြီးကျောင်းကို ရွာသူရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေမဲ့ မနိုင်တော့ဘဲ ကျောင်းဆောင်တဆောင်လုံး ပြာကျခဲ့ရတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာက စက်လှေတစီး မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီလောက်ကစပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်လောက်မှာလည်း စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ခမောင်းတောကျေးရွာက ဒေါ်အဝင်းချေမှာ မျက်လုံးနဲ့ ရဲရိုးပြင်ကျေးရွာက ဦးစိန်သာထွန်းက တံတောင်ဆစ်မှာ အသီးသီးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲမဖြစ်ဘဲ နေ့ရောညပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီရဲ့ နေဗီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့မစျေး စျေးဟောင်း ဆိုင်ခန်းအားလုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြေပုံမြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လေးမြို့မြစ်ကမ်းနံဘေးက ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။
နိုဝင်ဘာ ၂၄ ရက် ညနေ ၃ နာရီကစပြီး မြေပုံမြို့နယ် လေးမြို့မြစ်ကမ်းနံဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်လို ပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် သရက်တော၊ ဒုံးချောင်း၊ ကျောက်တန်း စတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ကျနော်တို့ရွာနဲ့က မြစ်ပဲခြားတာ၊ မြစ်ကကျဉ်းတော့ နီးနီးလေးပေါ့။ လက်နက်ကြီးတွေ၊ ကျည်တွေလည်း ရွာနားကို ကျတာတွေရှိတယ်။ AA ဘက်ကလည်း တိုက်ပွဲအတွင်းမှာ အရပ်သားထိခိုက်မှာစိုးလို့ ရှောင်ခိုင်းထားတာရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို အရေးပေါ် တိမ်းရှောင်နေကြရတဲ့အတွက် စားသောက်ရေး ခက်ခဲနေပြီး မြေပုံမြို့ပေါ်တက် စျေးဝယ်ဖို့ကိုလည်း စစ်ကောင်စီတပ်က တားမြစ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။