စစ်ကောင်စီတပ်လက်အောက်က လွတ်မြောက်လာတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ် လိုင်လင်းပီမြို့မှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်တော့မယ်လို့ ကြားကာလ မရာနယ်ကောင်စီထံက သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်က လိုင်လင်းပီမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်မှာ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနောက် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တော့မယ်လို့ ဆိုပါတယ်။
လိုင်လင်းပီမြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားချိန်အတွင်း ဒေသခံ ၃,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လည်နေရာချထားရေး လုပ်ဆောင်ပြီးချိန်မှာ အုပ်ချုပ်ရေး စတင်တော့မှာဖြစ်တယ်လို့ ကြားကာလ မရာနယ်ကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။
လိုင်လင်းပီမြို့မှာ ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်ကတည်းက ကြားကာလ မရာနယ်ကောင်စီ လက်အောက်မှာ ပညာရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ CDM ကော်မတီစတဲ့ ကော်မတီ ၄ ခုကို ဖွဲ့ စည်းထားတာ ဖြစ်ပါတယ်။
ကြားကာလ မရာနယ်ကောင်စီ အမှုဆောင်အရာရှိချုပ် ကိုဂျိမ်းက “လိုင်လင်းပီ စခန်းသိမ်းပြီးနောက်ပိုင်းမှာ မရာတနယ်လုံးကို အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ကြားကာလ မရာနယ်ကောင်စီကနေ တာဝန်ယူပြီး ဖွဲ့စည်းသွားမယ်ပေါ့နော်၊ မရာတနယ်လုံးမှာ ဒေသကောင်စီဆိုပြီးတော့ ဒေသ ၆ ခုနဲ့ အုပ်ချုပ်ရေးဖော်ဆောင်ဖို့ရှိတယ်။ ဒေသကောင်စီလက်အောက်မှာ ကျေးရွာကောင်စီဆိုပြီး ရွာတိုင်းမှာ ကျေးရွာကောင်စီအနေနဲ့ ဖွဲ့ဖို့ရာရှိတယ်” လို့ ပြောပါတယ်။
ကြားကာလ မရာနယ်ကောင်စီ လက်အောက်မှာ လိုင်လင်းပီမြို့နဲ့ ကျေးရွာပေါင်း ၆၇ ရွာ တည်ရှိနေတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၅ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေပြီလို့ သိရပါတယ်။