ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာ၊ ပန်းတပွင့်တောင်လမ်းမမှာ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီလောက်က ကထိန်ပို့ကားမှောက်ပြီး ကလေးတွေအပါအဝင် လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါနေ့က ဒိုင်နာယာဉ်ပေါ်မှာ ပဒေသာပင်၊ ကထိန်ပစ္စည်းတွေနဲ့ လှိုင်သာယာမြို့နယ်ကနေ ပန်းတပွင့်တောင်သာသနာ့မြေရှိ ဘုန်းကြီးကျောင်းကို လိုက်လံပို့ဆောင်ကြသူတွေ လိုက်ပါလာကြတာ ဖြစ်ပါတယ်။
မြို့မလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကားက ဒိုင်နာကား။ ဂျိုးဖြူပိုက်ကို ကျော်တဲ့ တံတားကုန်းတက်ကလေး ရှိတယ်။ အဲ့မှာ ပြန်လိမ့်ကျတဲ့ သဘောပါပဲ။ ယာဉ်မောင်းက မမောင်းတက်တာလား မူးနေတာလားတော့ မသိပါဘူး။ လူနာတွေကို ဝါးနက်ချောင်းဆေးရုံကနေ မှော်ဘီကို လွှဲပြောင်းပေးထားပါတယ်” လို့ ဆိုပါတယ်။
ပန်းတပွင့်တောင်အဝင်လမ်းရှိ ဂျိုးဖြူပိုက်လုံး ကုံးတက်အကျော်မှာ အရှိန်လွန်ကာ လမ်းဘေးချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာကြောင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၆ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ၈ ဦးတို့မှာ ပွန်းပဲ့ပြတ်ရှ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ထိခိုက်သူတွေကို မှော်ဘီဝါးနက်ချောင်း တိုက်နယ်ဆေးရုံနဲ့ မှော်ဘီဆေးရုံကို အရပ်ဖက်အသင်းယာဥ်၊ မြို့မလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဥ် ၃ စီးနဲ့ ပို့ဆောင်ပေးခဲ့ကြပါတယ်။