ဂါဇာကမ်းမြောင်မှ ဒုတိယအသုတ် ဓားစာခံအလဲအလှယ်မှာ ထိုင်းနိုင်ငံသား ၄ ဦး ထပ်မံ လွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆရတ်ထာဝီဆင်က လူမှုမီဒီယာ X မှာ နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့ပါတယ်။
စနေနေ့က လွတ်မြောက်လာတဲ့ ထိုင်းလူမျိုး ၄ ဦးဟာ ရေချိုးချင်နေပြီး သူတို့ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်သွယ်ချင်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပြီး သူတို့အားလုံး ဘေးကင်းကာ နေမကောင်းဖြစ်တာ မရှိသလောက်ပဲ လို့လည်း ဆိုပါတယ်။
သူတို့ရဲ့ ကနဦး ကျန်းမာရေးစစ်ဆေးချက်မှာလည်း လူတိုင်း ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှုခံယူဖို့ မလိုအပ်ကြောင်း၊ လူတိုင်း စကားပြောဆိုပြီး ပုံမှန် လမ်းလျှောက်နိုင်ပုံပေါ်ကြောင်း၊ လွတ်မြောက်လာတဲ့အပေါ် ပျော်ရွှင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းပုံပေါ်ကြောင်းတွေလည်းပြထားပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကလည်း ပထမအကြိမ် အကျဉ်းသား အလဲအလှယ် လုပ်ခဲ့ရာမှာ လွတ်မြောက်လာတဲ့ ဓားစာခံ ၂၄ ဦးထဲမှာ ထိုင်းနိုင်ငံသား ၁၀ ဦး ပါဝင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo - Reuters