စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာဝန်းကျင်ကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ရွှေဘိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ရွာ ၃ ရွာကို ကာကွယ်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၂၀ လောက်သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ မုံရွာမြို့ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ကနေလာတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အနောက်ခြမ်းမှာရှိတဲ့ လိပ်ဆင်းဆောင်ရွာဝန်းကျင်ကို လာရောက် ပစ်ခတ် သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “ဘာသတင်းရလို့ လာပစ်တာလဲတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူးရယ်။ လာပစ်တာက ရွာပတ်ပတ်လည်ကို ပစ်သွားတယ်။ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် တစီးတော့ ပျက်စီးတာရှိတယ်။ လူတွေကတော့ သေဆုံးမှုမရှိဘူး။ အခုထိတော့ ရွာထဲ ရှင်းလင်းရေးမဝင်ရသေးတော့ ဘာမှမသိရသေးဘူး။ ရွာကလူတွေကတော့ နောက်ထပ် လေယာဉ်နဲ့လာပစ်မှာကြောက်လန့်ပြီး ရွာအပြင် ထွက်ပြေးတဲ့သူတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာတော့ စစ်ကောင်စီအထိုင်စခန်းချတဲ့ တည်သီးတောရွာ၊ ညောင်ကိုင်းရွာနဲ့ ဇီးဖြူကုန်းရွာတို့ကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ ခေါင်းဆောင်တွေဆီက သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “ကျနော်တို့ အဲဒီ ပျူ ရွာ ၃ ရွာကို တပြိုင်နက်ဝင်တိုက်ခဲ့တာဗျ။ စခန်းသိမ်းခါနီးမှ နမခ စစ်တပ်ကနေ လေယာဉ် ၃ စီးနဲ့လာပစ်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ စစ်ကောင်စီဘက်က လေယာဉ် ၃ စီးအပြင် တည်နေရာကြည့်တဲ့ မောင်းသူမဲ့ လေယာဉ် ပုံစံငယ် ဒရုန်းနဲ့ပါ ကြည့်တာတွေလည်း ရှိခဲ့တယ်ဗျ။ တိုက်ပွဲအတွင်းကတော့ စစ်ကောင်စီဘက်က ၂၀ လောက် ကျဆုံးတယ်ဗျ။ ကျနော်တို့ဘက်က ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇၊ Zero ပြောက်ကျားတပ်ဖွဲ့၊ BNRA အဖွဲ့ရဲ့ ရတနာသိင်္ခ စစ်ကြောင်း၊ ဝိမောက္ခစစ်ကြောင်း၊ မိတ္ထီလာဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။