ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတယောက်သေဆုံးခဲ့ပြီး ရသေ့တောင် မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာ စခန်း ၂ ခုကို စွန့်ခွာသွားတယ်လို့ ရက္ခိုင့်တပ်တော် အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့ကို နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့ထဲမှာ ပိတ်မိနေတဲ့ ဘဝမ်းရပ်ကွက် အကွက် ၄ က အသက် ၇၀ အရွယ် ဒေါ်ဦးညွန့်စိန်ကို လက်နက်ကြီးကျည်စ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ပေါက်တောမြို့ဒေသခံတယောက်က ပြောပါတယ်။
ဒေါ်ဦးညွှန့်စိန်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက မြို့ထဲမှာ ပိတ်မိနေတာဖြစ်ပြီး သူ့ရဲ့ခင်ပွန်းဖြစ်သူကတော့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ဓားစာခံတွေကို ထပ်မံကယ်ထုတ်ရင်း ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ရက္ခိုင့်တပ်တော် အေအေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ပေါက်တောမြို့ကို စစ်ကောင်စီရဲ့ ရေတပ်က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး ညပိုင်းမှာလည်း လက်နက်ကြီးတွေအဆက်မပြတ် ပစ်ခတ်တာကြောင့် နေအိမ်အဆောက်ဦးတွေ ထပ်မံ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရသေ့တောင်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီ တပ်သားတွေဟာ တပ်စခန်း ၂ ခုကို စွန့်ခွာသွားကြတယ်လို့ ရက္ခိုင့်တပ်တော် အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရသေ့တောင်မြို့နယ်၊ အငူမော်တပ်စခန်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်ဟာ နိုဝင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီလောက်မှာ စခန်းစွန့်ခွာ သွားတာဖြစ်ပါတယ်။
တောင်ဦးတပ်စခန်းက စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ကတော့ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စခန်းစွန့်ခွာပြီး အငူမော်တပ်စခန်းမှာ လာရောက် ပူးပေါင်းနေတာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကား ၉ စီးဟာ ဇက်ရေယာဉ်နဲ့ စစ်တွေမြို့ဘက်ကို သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် အေအေက ဝင်ရောက်ပြီး မိုင်းရှင်းလင်းတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။