မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဂေါက်ကွင်းအနီးက Denko ဓာတ်ဆီဆိုင်မှာ နိုဝင်ဘာ ၂၅ ရက်နေ့က မိုင်းပေါက်၊ လက်နက်ကြီးကျလို့ မီးလောင်ခဲ့ပြီး ဝန်ထမ်း ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၆ နာရီအချိန်က မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ၂ လုံးလည်း ကျခဲ့တာကြောင့် ဓာတ်ဆီပန့် ၂ ခု မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“မိုင်း ၂ လုံး ပေါက်တယ်။ လက်နက်ကြီးက ၂ လုံး၊ စုစုပေါင်း ၄ လုံး၊ သူတို့ကို အရင်ကတည်းက ရွှေ့ထားလို့ပြောတာ မရွှေ့ဘူးလေ။ အဲဆိုင်က ဝန်ထမ်း ၂ ယောက် ထိတယ်။ ဒဏ်ရာပြင်း မပြင်းတော့မသိရဘူး” လို့ ပြောပါတယ်။
ဓာတ်ဆီဆိုင်မှာ မီး ၁ နာရီကျော်ကြာ လောင်ကျွမ်းခဲ့ပြီး မီးသတ်ကားနဲ့ လူမှုကယ်ဆယ်ရေးကားတွေ လာရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ခဲ့ပြီးနောက် စစ်တပ်က ရဲတွေအများအပြား လာရောက်စစ်ဆေးခဲ့ပြီး အခုလက်ရှိမှာတော့ ဓာတ်ဆီဆိုင်ကို ပိတ်ထားတယ်လို့ သိရပါတယ်။
အခုလို မိုင်းခွဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။