အစ္စရေးအကျဉ်းထောင်ကနေ ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို အလဲအလှယ် လုပ်ခဲ့ရာမှာ နိုဝင်ဘာ ၂၄ ရက် သောကြာနေ့က လွတ်မြောက်လာတဲ့ ဓားစာခံ ၂၄ ဦးထဲမှာ ထိုင်းနိုင်ငံသား ၁၀ ဦး ပါဝင်လာပြီး အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား အယောက် ၂၀ ကျန်နေသေးတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ပြန်လွတ်မြောက်လာတဲ့ ထိုင်းဓားစာခံတွေဟာ ဆေးရုံမှာ ၄၈ နာရီကြာ ကျန်းမာရေးစစ်ဆေးမှုပြီးသွားရင် နေရပ်ကို ပြန်လာမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သူတို့ထဲက ၄ ယောက် ဓားစာခံ ဖြစ်နေတာကို အစ္စရေးအစိုးရက အစပိုင်းမှာ အတည်မပြုထားပါဘူး။
ဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင်“နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညှိနှိုင်းဆောင်ရွက်မှုအရ ထိုင်းအလုပ်သမား ၁၀ ဦး လွတ်မြောက်လာပြီးတော့ အစ္စရေးနိုင်ငံ ရှာမီယာ ဆေးဘက်ဆိုင်ရာ စင်တာမှာ ဆေးကုသမှုခံယူနေကြောင်း အတည်ပြုချက်ကို ကြားရတာ အရမ်းဝမ်းသာပါတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကျန်ရှိနေသေးတဲ့ အပြစ်မဲ့ ထိုင်းဓားစာခံတွေကိုလည်း အမြန်ဆုံး လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။ အစ္စရေးနိုင်ငံမှာ အကြီးဆုံး ရွှေ့ပြောင်းအလုပ်သမားအုပ်စုတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံသားတွေ ၃၀၀၀၀ လောက် အလုပ်လုပ်နေကြတာဖြစ်ပြီး အများစုမှာ စိုက်ပျိုးရေးပိုင်းမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။
Source/Photo-Reuters