ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို နိုဝင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
တာ့ခ်ခရိုင်လူဝင်ကြီးကြပ်ရေးအရာရှိတွေနဲ့ မှုခင်းနိမ်နင်းရေးတပ်ဖွဲ့တွေက မဲဆောက်မြို့၊ ဘန်ဟိုင်းဟေဖွန် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတုန်း မနက် ၁ နာရီခွဲလောက်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ မသင်္ကာဖွယ်ရာ ပစ်ကပ်ကားတစီးကို တွေ့ရှိပြီး တားဆီး စစ်ဆေးခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်း မောင်းနှင်လာတဲ့ ပစ်ကပ်ကားပေါ်က ကုန်ပစ္စည်းတွေကြားထဲမှာ လိုက်ပါလာတဲ့ တရားဝင် စာရွက်စာတမ်း အထောက်အထား မပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁၇ ယောက်တို့ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
မြန်မာနိုင်ငံသား ၂၆ ယောက် ဟာ မြန်မာ-ထိုင်းနယ်စပ်ကနေ ဘန်ကောက်မြို့ကို သွားရောက်မှာဖြစ်ပြီး တယောက်ကို ဘတ် ၁၅,၀၀၀ ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု ပုဒ်မ ၂၂ အရ မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
Photo - Tak Immigration