Home
မြန်မာသတင်း
ဝက်လက်နှင့်တောင်ငူမြို့ပေါ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
November 25, 2023
taung 25112023

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

တောင်ငူမြို့၊ မိုင်ဒါကွင်းမြောက်ဘက်၊ မင်းကြီးညိုလမ်းအရှေ့ဘက်က ခပေါင်းခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၄ ရက်နေ့ ည ၈ နာရီခွဲက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်သားတွေရှိရာ အနီးကပ်ဆုံးနေရာအထိ သွားရောက်ပြီး မိုင်းခွဲခဲ့တာလို့ တောင်ငူ မြို့ပြအထူးပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ပြောပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနေတုန်းလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားချိန်မှာ လူနာတင်ယာဉ် ၃ စီး ရောက်ရှိခဲ့ပြီး စစ်ကောင်စီဘက်က အဝင်မခံဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုင်ဒါကွင်း တောင်ဘက်က ၂၁ ရပ်ကွက်၊ ဇေယျာခင်ဦး ၁ လမ်းထဲက ဗလီတို့ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သလို သေနတ်တွေ ရမ်းသန်းပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့ပြအထူးပြောက်ကျားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်တွေကတော့ ဘေးလွတ်ရာကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်က စစ်ကောင်စီအထိုင်စခန်းတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာ ၂၄ ရက်နေ့ ညပိုင်း ၈ နာရီလောက်မှာ ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အခုလိုပစ်ခတ်ရတာဟာ ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စစ်ကောင်စီနောက်တန်းစခန်းတွေကို အလစ်ဝင်ရောက် တိုက်ခိုက်ရတာဖြစ်လို့ ပြောပါတယ်။

ဝက်လက်မြို့အရှေ့ခြမ်းက တော်လှန်ရေးတပ်တခုရဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက “သူတို့ အင်အားအလုံးအရင်းနဲ့ ရှေ့တန်းထိုးစစ်ဆင်နေတာကို ကျနော်တို့သိလို့ သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်းအထိုင်စခန်းတွေကို အလစ်ဝင်ပစ်တာပါ။ မြို့ထဲမှာ ပြည်သူတွေရှိနေလို့ မြို့သိမ်းတိုက်ပွဲမလုပ်ခဲ့ဘဲ ပစ်ခတ်မှုလောက်နဲ့ပဲ နောက်ပြန်ဆုတ်ခဲ့တာ။ သူတို့စစ်ကြောင်း ထပ်ပြီး ထိုးစစ်ဆင်နေဦးမယ်ဆိုရင် ကျနော်တို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ဝက်လက်မြို့က စစ်ကောင်စီ အထိုင်စခန်းတွေ ဝင်တိုက်ပြီး မြို့သိမ်းတိုက်ပွဲ လုပ်တော့မယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ ဗိုလ်စွန်ရဲအဖွဲ့၊ ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နဲ့ ဒေသခံ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်တာလို့ သိရပြီး စစ်ကောင်စီဘက်က အကျအဆုံးကိုတော့ စုံစမ်းနေတုန်းဖြစ်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024