ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မြေပုံမြို့နယ်၊ တောကျောင်းအရှေ့ဘက် တောင်ကြောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၉၃ တပ်စခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၄၀ လောက်ကို ညနေ ၃ နာရီခွဲလောက်မှာ ရက္ခိုင်တပ်တော် အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်လောက်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပြီး တာဝါတိုင်တောင်ကြောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ ၉၃ တပ်စခန်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေကို အေအေက တိုက်ခိုက်ခဲ့ပြီးနောက် ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ရမ်းကားပစ်ခတ်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
ပြီးတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီ အခိုင်အမာစခန်းချထားတဲ့ တရွန်အိုင်ဗျူဟာနဲ့ နူးဘူး ဗျူဟာတို့ကို ရက္ခိုင်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။