ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တာနာ မြစ်ကမ်းပါးပြိုကျခဲ့လို့ အနီးနားရှိ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပြီးနောက်မှာ ဂါဆန်မြို့နေ ဒေသခံတွေ ရာနဲ့ချီပြီး သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေထဲမှာ ပါဝင်တဲ့ ဟက်ဆန်ဒယ်လာလီက ရေတွေကြောင့် သူတို့ပိတ်မိခဲ့ရပြီး တတ်နိုင်သမျှ ဘေးကင်းရာကို ပြေးခဲ့ရကြောင်း ပြောပါတယ်။
အယ်နီညိုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး မိုးသည်းထန်စွာရွာသွန်းပြီးတော့ လျှပ်တပြက်ရေကြီးမှုတွေကြောင့် အရှေ့အာဖရိကတဝန်းရှိ မြို့တွေ ရေနစ်မြုပ်ခဲ့ရပြီး ထောင်ပေါင်းများစွာသော လူတွေလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ကင်ညာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေမှာ ၇၁ ဦးအထိ ရှိလာခဲ့ကြောင်း ကင်ညာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံကိန်းရဲ့ နောက်ဆုံး ကိန်းဂဏန်းတွေအရ သိရပါတယ်။
ကင်ညာနဲ့ အရှေ့အာဖရိကနိုင်ငံတွေမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မိုးခေါင်မှု ကြုံတွေ့ခဲ့ရပြီးတဲ့ နောက်မှာ မိုးအသည်းအထန် ရွာချခဲ့တာကြောင့် ကျွဲနွားတိရစ္ဆာန်တွေ၊ ကောက်ပဲသီးနှံတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတဲ့အပြင် ထောင်နဲ့ချီတဲ့လူတွေလည်း နေအိမ်တွေကို စွန့်ခွာခဲ့ကြရပါတယ်။
ရာသီဥတုဘေး ဒဏ်သင့်ဒုက္ခသည်တွေအကြားမှာလည်း ငတ်မွတ်မှုနဲ့ ရောဂါဘယတွေကို ရင်ဆိုင်နေရပြီး ရေကြောင့်ဖြစ်တဲ့ ရောဂါတွေကို ခံစားနေကြရကြောင်း ကယ်ဆယ်ရေး အေဂျင်စီတွေက သတိပေးထားပါတယ်။
တာရှည်ဦးမယ့် မိုးရွာသွန်းမှုဟာ လာမယ့်နှစ် ပထမ ၃ လပတ် အထိ ကြာမြင့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Source/Photo-Reuters