Home
မေးမြန်းခန်း
“ကျမတို့ အမျိုးသမီးတွေက နှစ်ပေါင်းများစွာ တရားမျှတမှုနဲ့ အလှမ်းဝေးနေတယ်” -KnWO မော်ဖရေမြာ
နော်နိုရင်း
·
November 25, 2023
MAWPRAY_25112023

နိုဝင်ဘာ ၂၅ ရက်ဟာ  နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအခြေအနေဘယ်လိုရှိနေပါသလဲ၊ အထူးသဖြင့်  စစ်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့  ကယားပြည်နယ် ကရင်နီ ဒေသက အမျိုးသမီးတွေရဲ့ အခြေအနေတွေကိုသိရဖို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KnWO) အထွေထွေအတွင်းရေးမှူး မော်ဖရေမြာကို  ဒီဗွီဘီအကြီးတန်းသတင်းထောက် နော်နိုရင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ စစ်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသမှာ အမျိုးသမီးတွေပေါ် အကြမ်းဖက်မှု ဘယ်လို အခြေအနေတွေရှိလဲဆိုတာ အရင်ဦးဆုံး ပြောပြပေးပါဦး။

ဖြေ။ “ကျမတို့ ကရင်နီအမျိုးသမီးအစည်းအရုံးနားမှာဆိုလို့ရှိရင် နည်းမျိုးစုံ အကြမ်း ဖက်မှုနဲ့ပတ်သက်ပြီးတော့မှ  ကျမတို့နားမှာ လာရောက်ပြီး ဝန်ဆောင်မှု တိုင်ကြားရယူတဲ့ Case တွေရှိသလို တဖက်မှာဆိုလို့ရှိရင်လည်း လာရောက်ပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် လာရောက်တိုင်ကြားနိုင်မှု၊ ဝန်ဆောင်မှုရယူမှု မလုပ်နိုင်တဲ့ အမျိုးသမီးတွေအများကြီးရှိတယ်။ ကျမတို့နားမှာဆိုလို့ ရှိရင် တနှစ်တနှစ် ၂၀၂၁၊ ၂၂၊ ၂၃ တနှစ်တနှစ် ဆိုရင် အများဆုံး Case  ၅၈၊  ၅၉  အဲလို အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲရတယ်။ အကြမ်းဖက်မှုနဲ့ပတ်သက်လာရင် အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါ့နော်၊ ဒုတိယကျတော့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျန်တဲ့ဟာကတော့ အကြမ်းဖက်မှုအနေနဲ့လည်း တက်လာတာတွေ ရှိတယ်ပေါ့နော်။ ဒီအကြမ်းဖက်မှုက ဒီလင်မယားကြားမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရှိသလို တဖက်မှာဆိုလို့ရှိရင် မတူညီကွဲပြားတဲ့အာဏာရှိသူတွေက အမျိုးမျိုး ကျူးလွန်လာတဲ့ ဟာမျိုးတွေရှိတယ်။ အာဏာလို့ ပြောတဲ့နေရာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အာဏာရှိသလို တဖက်မှာ ရာထူးအသိုင်းအဝိုင်း၊ အင်အားရှိတဲ့ ပညာတတ်တဲ့အသိုင်းအဝိုင်းကနေ ပညာနည်းပါးတဲ့အမျိုးသမီးတွေပေါ်မှာ ကျူးလွန်တာတွေလည်းရှိတယ်။”

“အထူးသဖြင့် ဒီလို စစ်ပြေးဒုက္ခကာလမျိုးမှာဆိုရင် ကရင်နီပြည်အနေအထားက လုံးဝ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူးပေါ့နော်။ မရှိတော့တဲ့အခါမှာ စစ်ရေးဖက်မှာပိုပြီး‌တော့ အင်တိုက်အားတိုက်နဲ့သွားတယ်ဆိုပေမဲ့ တဖက်မှာကလည်း ဒီ Case တွေရှိလာတဲ့ပေါ်မှာ အားလုံး ၁၀၀ ရာခိုင်နှုန်းအထိ တရားမျှတမှုလုပ်ပေးနိုင်ဖို့ အလှမ်းဝေးတယ်။ ပြီးရင် ကျူးလွန်တဲ့ သူကိုလည်း ပြစ်မှု၊ ပြစ်ဒဏ်အတိုင်း ပေးနိုင်ဖို့ဆိုတာကလည်း ဒီတော်လှန်ရေးကာလမှာက အရမ်းခက်ခဲတယ်။ အဲလိုဖြစ်လာတဲ့အပေါ် ကျမတို့ အမျိုးသမီးတွေက တရားမျှတမှုနဲ့ အလှမ်းဝေးသလို လုံခြုံမှုမရှိတဲ့အသိုင်းအဝိုင်းမှာ နေထိုင်လာရတဲ့ပုံစံမျိုးတွေနဲ့ ပိုပြီးတော့မှ သာမန်နိုင်ငံရေးထက် ပဋိပက္ခပိုပြီးတော့မှ စိန်ခေါ်မှုအများကြီးရှိတယ်။”

 မေး။ အထူးသဖြင့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း  ကရင်နီဘက်က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အခြေအနေ များလာလား၊ နည်းလာလား။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ။

ဖြေ။ “ အစောနက ကျမ ပြောသလိုမျိုး ဒီက သာမန်အနေအထားတခု ထက်များလာတာ ရှိတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးကာလမှာက တရားရေးအလုပ်လုပ်မယ့်ကိစ္စတွေက အားနည်းနေတုန်းပဲပေါ့နော်။ ပြီးရင် ကျင့်သုံးနေတဲ့ တရားဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေ နောက်ပြီး ရာဇသတ်ကြီးပုဒ်မသွားနေတဲ့ ဥပဒေတွေကလည်း လက်တွေ့အကောင်အထည်ဖော်မှုက နည်းနည်းလေး ကြံ့ကြာတယ်ပြောလို့ရမှာပေါ့နော်။ အမျိုးသမီးတွေအတွက် တရားမျှတမှု နည်းပါးတဲ့ အပေါ်မှာဆိုလို့ရှိရင် ဒီဖြေရှင်းပေးနိုင်မှု ယန္တရားက တိတိ ကျကျ လူထုတွေ အတွက် မဖွင့်ပေးနိုင်တဲ့အခါမှာ လူထုတွေလည်း ဘယ်နား ဝန်ဆောင်မှုယူရမလဲ ဇဝေဇဝါဖြစ်နေတယ်။ ပြီးရင်တချို့ကလည်း ကျူးလွန်သူတွေက ယနေ့အချိန်ထိ ကျူးလွန်ခွင့်ပေးနေတဲ့ အနေအထားတခုလည်း ဆက်ရှိနေတုန်းပဲပေါ့။ အဲလိုဖြစ်နေတဲ့အပေါ်မှာ ကျူးလွန်တဲ့သူတွေက အခွင့်အလမ်းထပ်ခါထပ်ခါ ရသလိုမျိုးပဲပေါ့နော်။”

“နောက်တခု ဘာကြောင့်များလာလဲဆိုရင် အမျိုးသမီးတွေက အလုပ်အကိုင် အခွင့်အလမ်းတွေမရှိဘူး။ ထိုနည်းလည်းကောင်း အမျိုးသားတွေလည်းအဲလိုပဲပေါ့နော်။ ဆိုတော့ ဒီအလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ပေါ်မှာ ကလေးတွေရဲ့ နှစ်စဉ် စားဝတ်နေရေး ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်က စစ်ရှောင်ဘဝတွေဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအလှူရှင်တွေရဲ့ ပံ့ပိုးမှု ထောက်ပံ့မှုနဲ့ပဲ ရပ်တည်တာဖြစ်တယ်ပေါ့နော်။ ကိုယ့်ရဲ့ အထွေထွေ သုံးနိုင်ဖို့ကလည်း တောင်ယာ လယ်ယာပဲ တိုင်းရင်းသားတွေက အလုပ်လုပ်ကြတယ်ဆိုပေမဲ့ အခုကာလမှာက လုပ်လို့မ ရဘူးပေါ့နော်။ ရပ်ရွာထဲမှာ မိုင်းထောင်တဲ့ကိစ္စတွေ၊ တောတောင်ထဲမှာသွားရှောင်နေရင်လည်း စစ်လေယာဉ်တွေ ဗုံးလာကြဲတဲ့ကိစ္စတွေ၊ လက်နက်ကြီးထုထဲကိစ္စတွေ အဲလိုမျိုးတွေဆိုတော့ နေရာတိုင်းက မလုံခြုံတဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်း သွားလာလှုပ်ရှားလို့မရဘူး။ ဆိုတော့ ဒီတိုင်းပဲနေတဲ့အတွက် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စဖြစ်လာတဲ့အခါမှာ လင်မယားအကြားသဘောထား မတိုက်ဆိုင်တာကနေ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ တဖက်မှာဆိုရင်လည်း အမျိုးသားကနေပြီးတော့မှ မူးယစ်ဆေးဝါးတွေ အလွယ်တကူ သုံးစွဲလာတယ်။  ကျယ်ကျယ်ပြန့်ပြန့်နဲ့ သုံးတဲ့ပေါ်မှာ သူတို့လင်မယားကြားမှာ နိုင်ထက်စီးနင်းမှုတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ ကိုယ်ထိလက်ရောက် လုပ်တာတွေလည်း တော်တော်များများ ရင်ဆိုင်ကြုံတွေ့ရတယ်ပေါ့နော်။”

မေး။ ဒီလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အများကြီးထဲမှာမှ ဘယ်လို အကြမ်းဖက်မှုမျိုးတွေ ပိုဖြစ်တာများလဲ။

ဖြေ။ “ ကျမတို့ KnWO မှာလာရောက်ပြီးတော့ ဝန်ဆောင်မှုရယူတဲ့အနေအထားအရ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုက တော်တော်များ တယ်ပေါ့နော်။ ပြီးရင်  Rape case (အဓမ္မပြုကျင့်မှု) ကတော့အသက်အရွယ်တခုမရသေးဘဲ စောစောစီးစီး အိမ်ထောင်ကျပြီးတော့မှ အကြောင်းအမျိုးမျိုးကြေင့် ကွာရှင်းတဲ့ကိစ္စတွေ၊ ဖောက်ပြန် တဲ့ကိစ္စတွေ၊ အမျိုးသမီး ၁၀ ကျော်သက်အပေါ်မှာ ကျူးလွန်ပြီး တာဝန်မယူတဲ့ကိစ္စတွေ ဒါတွေ တော်တော်များများ အများဆုံးဖြစ်တယ်ပေါ့နော်။”

မေး။ ဒီလိုကျူးလွန်မှုအများကြီးထဲမှာ ကျူးလွန်ခံရတဲ့အမျိုးသမီးတွေအတွက်  ဒီကြားကာလမှာ အရေးယူဆောင်ရွက်ပေးတဲ့ဟာမျိုးတွေကော ရှိလား။

ဖြေ။ “ ဒီကြားကာလ အနေအထားမျိုးမှာ တရားရေးပိုင်းဆိုင်ရာတွေက သာမန် အနေအထားတခု မရောက်သေးတဲ့အတွက်ကြောင့်မို့လို့ အရမ်းကြီး စိတ်ကျေနပ်မှုမရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ တချို့မြို့နယ်တွေမှာ ဥပမာ ဒီးမော့ဆိုအနောက်ခြမ်းလိုမျိုးဆိုရင် ကရင်နီရဲတပ်ဖွဲ့တွေရှိတယ်၊ ရုံးတွေလည်းရှိတယ်၊တပ်ဖွဲ့ဝင်တွေလည်း အားကောင်းစွာရှိနေတယ်။ အဲလိုနေရာမျိုးတွေကျတော့ အဲဒီတကြောမှာဖြစ်လာတယ်ဆိုရင် ရဲတွေနဲ့ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်တာမျိုးတော့ရှိတယ်။ အဲဒီဘက်မှာ အားကောင်းတယ်ဆိုပေမဲ့ ကရင်နီပြည်နယ် အတိုင်းအတာ တခုလုံးအနေနဲ့က မလုပ်နိုင်သေးဘူးပေါ့နော်။ ဥပမာ မယ်စဲ့ဖြစ်ရင် ဘယ်နားက ဖြေရှင်းမလဲတို့၊ လွိုင်ကော်ဖြစ်ရင် ဘယ်နားမှာ ရင်ဆိုင်ဖြေရှင်းလဲ အဲလိုဟာမျိုးတွေကျတော့ ထိထိရောက်ရောက်မလုပ်ဆောင်နိုင်သေး ဘူးပေါ့နော်။ တပြည်နယ်လုံးအတိုင်းအတာ ပုံစံမျိုးနဲ့ မလုပ်ဆောင်နိုင်သေးတဲ့ အနေအထားမျိုးမှာ ရှိနေသေးတယ်ပေါ့နော်။ အများအားဖြင့် တရားရုံးအထိ KSP နဲ့သွားပြီ တော့မှ မလုပ်ဆောင်နိုင်သေးတဲ့ တချို့နေရာတွေမှာ အများအားဖြင့် အုပ်ချုပ်ရေး၊ စစ်ရှောင်စခန်းကော်မီတီတွေနဲ့ စေ့စပ်ညှိနှိုင်းပြီးတော့မှ  ကျူးလွန်ခံရသူ အမျိုးသမီးရဲ ဆန္ဒသူတောင်းဆိုတဲ့ပေါ်မှာ ဖြေရှင်းသွားတဲ့ ဓလေ့ထုံးတမ်းပုံစံမျိုးပဲ သွားနေတာရှိ တယ်ပေါ့။ ဒါကလည်း သူ့အတွက် ၁၀၀ ရာခိုင်နှုန်း တရားမျှတမှုရှိတယ်လို့ သူ့စိတ်ထဲ ကျေနပ်မှုမရှိပေမဲ့ လုံးဝမတိုင်ကြားတာထက်စာလို့ရှိရင် တစုံတရာနည်းနည်းသူ့ အတွက် အထောက်အကူပြုတာလောက်ပဲရှိပေါ့နော်။”

မေး။ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဘက်က ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးတဲ့ နောက် လွိုင်ကော်မြို့မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံး ၇၀ ထက်မနည်းရှိတယ်လို့သိရတယ်။ အဲဒီမှာ ကလေးသူငယ် တွေလည်းပါတယ်။ နောက် တွက်ပြေး တိမ်းရှောင်နေကြရတဲ့ အခါမှာလည်း အမျိုးသမီးနဲ့ကလေးငယ်တွေ ဘယ်လိုအခြေအနေတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရလဲ။

ဖြေ။ “ လွိုင်ကော်မှာ စပြီးဖြစ်ကတည်းက အထူးသဖြင့် အမျိုးသမီးတွေ၊ သက်ကြီး ရွယ်အိုတွေ၊ ကလေးငယ်တွေက အရမ်းကြီးရင်ဆိုင်နေရတဲ့ အခက်အခဲပေါင်းစုံကနေ လွိုင်ကော်ကနေ ထွက်နိုင်ဖို့အတွက် တောင်းဆိုလာတာမျိုးတွေပေါ့နော်။ တချို့က ထွက်ချင်တယ်၊ ကားမရှိဘူး။ ဆိုင်ကယ်မရှိဘူး။ တချို့ဆိုရင် ကားဆိုင်ကယ်ရှိပေမဲ့ ထွက်လို့ရှိရင် စစ်ကောင်စီဘက်က မာရှယ်လော ထုတ်ထားတဲ့အတွက် အချိန်မရွေး ပစ်သတ်နိုင်တဲ့ အနေအထားမျိုး ရင်ဆိုင်ရတဲ့အခါမှာ သူတို့ ထွက်ပေါက်ပိတ်မိ သလိုမျိုးတော့ ရှိတယ်ပေါ့နော်။ အဲဒီအချိန်မျိုးမှာ ကျမတို့ KnWO ကလည်း တခြားမဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်နယ်က လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ လူအားဖြင့်၊ ငွေအားဖြင့် လုပ်ဆောင်တာတွေရှိတယ်ပေါ့နော်။ အများအားဖြင့် အမျိုးသမီးတွေကတော့ သူတို့ စစ်ရှောင်ထွက်နိုင်ဖို့၊ ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းတာတွေရှိသလို တဖက်မှာ သူတို့ ရောက်ရှိတဲ့နေမှာ ကိုယ်တခုထဲပဲရောက်ရှိတဲ့အတွက်ကြောင့် စောင်တွေ၊ ခြင်ထောင်တွေ၊ အမျိုးသမီးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊  အထူးသဖြင့် ရိက္ခာကအစ သူတို့ မပါသွားတဲ့ ဟာမျိုးတွေမှာ တောင်းလာတဲ့ဟာမျိုးတွေရှိတယ်။ တချို့ခါကျတော့လည်း တခြားပြည်နယ်ရဲ့ ရွာတွေရောက်ပြီး ဘယ်သူ့ကိုအကူအညီသွားတောင်းရလဲ၊ သူတို့မှာ ဝယ်စားစရာမရှိ၊ ဈေးကြီးနေတာ အဲလိုတွေနဲ့ ချိန်လာတဲ့အခါမှာ အဲဒီပြည်နယ်မှာရောက်ရှိနေတဲ့ ကူညီနေတဲ့ သူတွေနဲ့ ပြန်ချိတ်ဆက်ပြီး အကူအညီရနိုင်အောင်၊ ကျမတို့ပံ့ပို့ ချိတ်ဆက် လုပ်ဆောင်ရတာတွေရှိတယ်။”

မေး - အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ကရင်နီဒေသထဲမှာ အရွယ်စုံ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ဆိုင်းဆိုင်ရာ ခံစားမှုတွေကို အခုလက်ရှိ ဘယ်လိုမျိုးကြုံတွေ့နေရလဲ။

ဖြေ - “နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိလာပြီဆိုတော့ တော်တော်များများ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်တွေ စစ်ရှောင်ရတာက တကြိမ်၊ နှစ်ကြိမ် ရွှေ့ပြောင်းရတာမျိုး မဟုတ်တော့ဘူး။ အနည်းဆုံး သုံး လေး ငါးခါ၊ အထပ်ထပ်အခါခါ ရွှေ့ပြောင်းနေထိုင်ရတဲ့သူတွေ ဖြစ်တော့ လေယာဉ်တွေ လာကြဲလိုက်၊ ဒရုန်းနဲ့ လာကြဲလိုက်၊ လက်နက်ကြီးနဲ့ လှမ်းထုလိုက်နဲ့။ သူတို့ရဲ့မျက်စိရှေ့မှာ လက်နက်ကြီးကြောင့် သေဆုံးသွားတာတွေ၊ မသန်စွမ်းဖြစ်သွားတာတွေ သူတို့ နေ့စဉ် မြင်တွေ့ရတော့ ညအိပ်ရမယ့်အချိန်တောင်မှ မအိပ်ရဲတော့ဘူး။ အများအားဖြင့် စစ်ကောင်စီက လူထုတွေရှိတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ ရှိလာတယ်။ ဘုန်းကြီးကျောင်းတွေက အစပေါ့။ စစ်ကောင်စီက လူထုတွေ အိပ်မောကျနေတဲ့အချိန်မှာ ရည်ရွယ်ပြီး ပစ်တာ ပိုများတယ်ပေါ့။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ရတယ်။  တချို့တွေက ထရော်မာ အရမ်းရပြီးတော့ သူ့ဘာသာသူ ဘာခံစားနေရလဲ၊ သူ ဘာဖြစ်နေလဲ၊ သူ ဘာလုပ်ရမလဲဆိုတာ လုံးဝ စိတ်ကယောင်ချောက်ချား ဖြစ်သွားတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ တချို့ဆိုလည်း အိပ်မက်ယောင်ပြီး တိုက်ပွဲဖြစ်တဲ့အကြောင်း၊ သူ ရင်ဆိုင်နေရတဲ့အကြောင်းတွေ ထ ထ အော်တာ၊ ထပြေးလွှားတာမျိုးတွေ ကျမတို့ ကြုံရတယ်။ တောတောင်ထဲမှာ သွားနေရတာကြောင့် သစ်ပင်လဲကျတာမျိုးတွေ၊ လက်နက်ကြီးအသံနဲ့ မှားပြီး ထပြေးတာမျိုးတွေက အစ။ မိုးတွင်းတုန်းကဆို မိုးကြီး၊ တောင်ချောင်းရေကြီးတဲ့အခါမျိုးနဲ့ ရင်ဆိုင်ရရင် သူတို့ လန့်ဖျပ်။ ဒါတွေက သူတို့ တနေ့တခြား စိတ်ထိခိုက်မှု ပိုများလာတဲ့အခါမှာ ကျမတို့ အမျိုးသမီးအစုအဖွဲ့တွေက စိတ်ပိုင်းဆိုင်ရာ ကုစားမှုအစီအစဉ်တွေ တော်တော်များများ သွားလုပ်ပေးရတယ်။ တခြား ဘာမှသွားမလုပ်ပေးနိုင်ရင်တောင်မှ သူတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောပေးနိုင်တာက သူတို့အတွက် ပျော်ရွှင် အင်အားရှိတယ်။ သူတို့နဲ့အတူတူ ရပ်တည်တယ်ဆိုတဲ့ ခံစားချက်တွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစုံတရာ လျော့နည်းလာတယ်။ ကျမတို့ ဒါတွေ များများလုပ်နိုင်ဖို့ လိုတယ်။ လူထုအခြေပြုအဖွဲ့အစည်းတွေတင် မဟုတ်ဘဲ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ နည်းပညာတွေကို နိုင်ငံတကာပဲဖြစ်ဖြစ်၊ အန်ဂျီအိုတွေကလည်း အများကြီးပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။”

မေး - ကရင်နီဘက်က လာတဲ့သူတယောက်ကို မေးကြည့်တဲ့အခါ သူတို့က လေယာဉ်သံ ကြားရင် ကြောက်ပြီး အပြင်ထွက်ထွက်ကြည့်တဲ့ အနေအထားမျိုးတွေပါ့။ သာမန် ခရီးသည်တင် လေယာဉ်တောင်မှ အသံကြားရင် သူတို့ အရမ်းကြောက်နေတယ်ဆိုတဲ့ အနေအထားမျိုးတွေ ရှိတယ်။ စစ်ရှောင်ဒေသမှာပဲဖြစ်ဖြစ်၊ ကရင်နီဒေသမှာပဲဖြစ်ဖြစ် အဲဒီလိုမျိုး ဖြစ်နေတဲ့ အနေအထားက ဘယ်လောက် ရာခိုင်နှုန်းများလဲ။ ကုသရေးအပိုင်းကောဘယ်လို ပြင်ဆင်ထားလဲ။”

ဖြေ - “ဘယ်လောက်ထိ ရာခိုင်နှုန်းများလဲဆိုတာတော့ ကျမတို့ တိတိကျကျတော့ မဖော်ပြနိုင်ပါဘူး။ ဒါပေမဲ့ ကျမတို့ လက်လှမ်းမီသလောက် စစ်ရှောင်စခန်းတော်တော်များများမှာ အားလုံးနီးပါးကတော့ ကြောက်လန့်နေကြတယ်။ အရမ်းကြီး စိတ်ဒဏ်ရာရပြီး တမူထူးခြားနေသူတွေကကျတော့ အမျိုးသမီး အယောက် ၁၀၀ မှာ ၂ ယောက်၊ ၃ ယောက်လောက် ဖြစ်နေတယ်။ ကျမတို့ တွေ့မြင်ရတဲ့ စစ်ရှောင်စခန်းတခုမှာဆိုရင် အမျိုးသမီး ၂ ယောက်၊ ၃ ယောက် အဲဒီလိုပုံစံမျိုးတွေ တွေ့ရတယ်။ တခြားသူတွေထက် စိတ်ဒဏ်ရာရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ တခြားသူတွေနဲ့လည်း အပေါင်းအသင်းမလုပ်ဘဲ တဦးတည်း ရင်ဆိုင်ဖြတ်သန်း နေထိုင်ချင်တယ်။ စကားပြောလို့လည်း မရဘူး။ သူ့ရဲ့အနာက ဘယ်နေရာဖြစ်နေလဲဆိုတာ မသိဘူး။ ဒါတွေက ကျန်းမာရေးဘက်က စစ်ကြည့်ပြန်တော့လည်း ချို့ယွင်းမှု တစုံတရာ မတွေ့ရဘူး။ ဒါတွေက ကြောက်လန့်မှုကြောင့် သူ့ရဲ့ စိတ်ဒဏ်ရာ တခုခုချို့ယွင်းသွားတာ သေချာတယ်။ ဆေးက ကုလို့မရဘူး။ သူတို့နဲ့ ရင်းနှီးမှု ပြန်တည်ဆောက်ပြီး အဖော်ပြုပေးတာမျိုးတွေ၊ တခြားသူတွေနဲ့ အံဝင်ခွင်ကျ ပြန်နေထိုင်ရအောင် သူနဲ့အဖော်ပြုပြီး နေ့စဉ်ဖြတ်သန်းမှုအတွက် အချိန်တခု ပေးရတယ်။ သူတို့အတွက် တခြားသူတွေထက် အချိန် အား အများကြီးပေးပြီး အာရုံစိုက်ပြီး စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု များများလုပ်ပေးဖို့ လိုအပ်ပါတယ်။”

မေး - ဆရာမတို့ ကရင်နီ အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ကော ပြန်လည်အားပေးမှု အစီအစဉ်ချပြီး လုပ်ဆောင်ပေးတာမျိုး ရှိလား။

ဖြေ - “ကျမတို့ကတော့ ရှိတဲ့ဝန်ထမ်းရယ်၊ လုပ်ငန်းအတွက် လုပ်ပေးနိုင်တဲ့ နည်းပညာနဲ့ အတတ်နိုင်ဆုံး လုပ်ပေးတာတွေ ရှိပါတယ်။ စစ်ရှောင်စခန်းဆိုရင် Safe space လိုမျိုးထားပြီးမှ ဘယ်အမျိုးသမီးမဆို ဆယ်ကျော်သက်ကနေ အမျိုးသမီးကြီးအထိ သူ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအန္တရာယ်တွေ၊ စိတ်ဖြေတဲ့နေရာမျိုး ကျမတို့ ဖန်တီးပေးတယ်။ သူ့ရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ လာရောက်မျှဝေနိုင်သလို အဲဒီကနေတဆင့် အကူအညီရနိုင်တယ်ဆိုရင် သူ လိုအပ်တဲ့အကူအညီကို ကျမတို့ ပြန်ပံ့ပိုးပေးတာ ရှိတယ်။ တချို့ဆိုရင် သူ ရင်ဖွင့်ရင်းနဲ့ Counselling လိုချင်တယ်ဆိုရင် လိုအပ်တဲ့အပေါ်မှာ ကျမတို့ဝန်ထမ်းက ပြန်ပေးတာရှိတယ်။ အမျိုးသမီးအချင်းချင်း အဲဒီမှာ လာရောက်စုဆုံပြီး တယောက်နဲ့ တယောက်အကြောင်း မျှဝေတာတွေ၊ မတူညီတဲ့ ရင်ဆိုင်ကြုံတွေ့ရတာတွေကို ဘယ်လို ကျော်လွှားကြလဲ၊ အချင်းချင်း မျှဝေပြီး သင်ခန်းစာရယူကြတာမျိုးလည်း လုပ်တယ်။ ကျမတို့ကလည်း တတ်နိုင်တဲ့ဘက်က သူတို့ စိတ်ဖိစီးမှုခံစားနေရတာကို အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် မတူညီတဲ့ လှုပ်ရှားမှုတွေနဲ့ အမျိုးမျိုး ပုံဖော်ပေးတာမျိုးတွေ ရှိတယ်။”

မေး - နိုဝင်ဘာ ၂၅ ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဆိုတဲ့အတိုင်း ဆရာမတို့ KnWO အနေနဲ့ ဘယ်လိုအစီအစဉ်တွေ ရှိလဲ။ ဘာတွေ တိုက်တွန်းချင်တာ ရှိလဲ။

ဖြေ - “နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ နှစ်စဉ်နှစ်တိုင်း ကျရောက်တဲ့ နည်းမျိုးစုံဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အထိမ်းအမှတ်ကို KnWO အနေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာရော၊ ထိုင်း-မြန်မာ နယ်စပ်မှာရော ကျင်းပပါတယ်။ ဒီနှစ်ဆိုရင် ထိုင်းနယ်စပ်မှာရော၊ နယ်စပ်တလျှောက် စစ်ရှောင်စခန်းတွေမှာရော၊ ပြည်တွင်းထဲမှာက ဒီးမောဆို၊ ဖရူဆိုရယ်ပေါ့။ လွိုင်ကော်လည်း ကျမတို့ မှန်းထားတယ်။ လုပ်လို့ရတဲ့ စစ်ရှောင်စခန်းတချို့မှာ ကမ်ပိန်းတွေ၊ အခမ်းအနားတွေ ကျမတို့ ဆက်လုပ်ဖို့ ရှိတယ်။ လုံခြုံရေးအရ ကျမတို့ လူအများကြီး ခေါ်လုပ်လို့မရဘူး။ ရှိတဲ့ကိုယ်စားလှယ်တွေကိုပဲ ဖိတ်ပြီး ကျမတို့ အခမ်းအနားတွေ၊ ကမ်ပိန်းတွေ လုပ်ဖို့ရှိပါတယ်။ အဓိကက နည်းမျိုးစုံ အကြမ်းဖက်မှုလို့ ပြောတဲ့နေရာမှာ လူတစုကဖြစ်ဖြစ်၊ လူတဦး တယောက်ကပဲဖြစ်ဖြစ် မည်သည့်အမျိုးသမီး တဦး တယောက်အပေါ်မှာ နိုင့်ထက်စီးနင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ အကြမ်းဖက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကအစ ရှိနေတာတွေကို လျော့နည်းလာဖို့အတွက် ကျမတို့က နှစ်ပေါင်းကြာရှည် တိုက်တွန်းလာခဲ့တယ်။ မက်ဆေ့ချ်တွေလည်း ပေးတယ်။ လူထုတွေကလည်း သိအောင် ကျမတို့က ပညာပေးတာမျိုးတွေ ရှိတယ်။ စစ်ရေးပဋိပက္ခရောက်လာတဲ့အခါ အရင်ကထက်ပိုပြီး အမျိုးသမီးတွေဟာ ပုံစံအမျိုးမျိုး မတူကွဲပြားတဲ့ အကြမ်းဖက်မှုတွေ အမျိုးမျိုး ခံလာရတာမျိုးတွေကို ကျမတို့က ဝိုင်းဝန်းအဖြေရှာဖို့ လိုတယ်။ အမျိုးသားတွေကလည်း အမျိုးသမီးတွေနဲ့အတူ ရပ်တည်ပြီး ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြစ်ဒဏ်ပေးသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ ကျူးလွန်ခွင့်ပေးထားတဲ့ စနစ်၊ ကျူးလွန်ခွင့်ပေးထားတဲ့စိတ် ရှိနေမယ်ဆိုရင် ကျမတို့ အမျိုးသမီးတွေက တရားမျှတမှုနဲ့ အလှမ်းဝေးနေမှာပဲ။ စစ်ကောင်စီက လူသားတိုင်းအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုလိုမျိုးပဲ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အမျိုးသားတွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမျိုး အဆင့်တူသွားတယ်။ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကို ပြစ်ဒဏ်ခံယူဖို့၊ တရားမျှတမှု ရရှိအောင် ဝိုင်းဝန်းပံ့ပိုးပေးဖို့ တိုက်တွန်းချင်ပါတယ်။”

မေး - တော်လှန်ရေးဘက်က ခေါင်းဆောင်တွေရော၊ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေကိုပါ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အဓိက ဘယ်လို မက်ဆေ့ချ် ပေးချင်လဲ။

ဖြေ - “စစ်ကောင်စီအနေနဲ့က နှစ်ပေါင်းများစွာ အမျိုးသမီးတွေအပေါ် အုပ်စုလိုက် မုဒိမ်းကျင့်တယ်၊ သတ်ဖြတ်တယ်၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ အများကြီး ရှိတယ်။ သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ကျူးလွန်သူကိုယ်နှိုက်က သူတို့ရဲ့ ဥပဒေထဲမှာ ကင်းလွတ်ခွင့်ပေးထားသလို၊ နိုင်ငံတကာကလည်း သူတို့ကို ကင်းလွတ်ခွင့်ပေးထားသလိုမျိုး အရေးမယူတာ ဒီနေ့အချိန်ထိပေါ့။ ဒါတွေက ဒီနေ့ဒီအချိန်ထိ ကျမတို့ အမျိုးသမီးတွေက နှစ်ပေါင်းများစွာ တရားမျှတမှုနဲ့ အလှမ်းဝေးနေတယ်။ ဒီတော်လှန်ရေးကာလကနေစပြီး စစ်ကောင်စီကို အရေးယူရမယ့်အချိန် ရောက်ပြီ။ သူတို့ကလည်း တာဝန်ယူ၊ တာဝန်ခံရမယ့်အချိန် ရောက်ပြီ။ မြန်မာနိုင်ငံက CEDAW လက်မှတ်ထိုးထားတယ်။ ဒါပေမဲ့ ကျူးလွန်တဲ့ခေတ်ဆိုရင် နိုင်ငံတကာထိ မရောက်ဘဲ ဒီအတိုင်းပဲ ပြီးသွားတယ်။ ကျမတို့ အဲဒါမျိုးတွေ မလိုချင်တော့ဘူး။ ရပ်တန့်ချင်ပြီ။ တဘက်မှာ ERO တွေကလည်း တော်လှန်ရေး ကြားကာလမှာ နိုင်ငံရေးအရပဲဖြစ်ဖြစ် သူတို့ပါဝင်တာလည်း ရှိတယ်။ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အခန်းကဏ္ဍလည်း ရှိတယ်။

ဥပမာ- တရားရုံးဆိုရင်လည်း သူတို့ရဲ့ ထိန်းချုပ်မှုနယ်မြေတွေမှာ သူတို့ရဲ့ တရားဥပဒေလည်း ရှိတယ်။ အကြမ်းဖက်မှုကို အရမ်းအရေးကြီးတဲ့ နိုင်ငံရေးအရ တခုဖြစ်တယ်ဆိုတာကို အခြေခံပြီး သူတို့ အလေးထား ထည့်သွင်းစဉ်းစားမယ်၊ သူတို့ Case ကို ဖြေရှင်းတဲ့နေရာမှာ တတပ်တအား ပါဝင်ပူးပေါင်းပေးမယ်ဆိုရင် နယ်မြေတွေမှာ စစ်ပဋိပက္ခရဲ့ဒဏ်အပြင် အကြမ်းဖက်မှုတွေ၊ မလုံခြုံမှုပြဿနာတွေ ခံစားနေရတဲ့ အမျိုးသမီးတွေ တထောင့်တနေရာ ရောက်လာမယ်လို့ ယုံကြည်တယ်။ ERO တွေက မူတခုအနေနဲ့၊ စီမံချက်တခုအနေနဲ့ သေချာအကောင်အထည်ဖော်ပေးဖို့ အရမ်းအရေးကြီးတယ်လို့ အကြံပြုလိုပါတယ်။ နိုဝင်ဘာ ၂၅ ရက်နဲ့ ဒီဇင်ဘာ ၁၀ ရက်အတွင်းမှာ နည်းမျိုးစုံ အကြမ်းဖက်မှုပပျောက်မှု လုပ်တဲ့ ကမ်ပိန်းဖြစ်နေလို့ အဲဒီအထိမ်းအမှတ်နေ့တွေပဲ မဟုတ်ဘဲ ကျန်တဲ့နေ့တွေမှာလည်း အကြမ်းဖက်မှုတွေ ဖြစ်လာရင် အားလုံး ဆန့်ကျင်ကန့်ကွက်ရမယ်၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးဘက်က ရပ်တည်ရမှာ လူတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။ အမျိုးသားတွေကလည်း အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အမျိုးသမီးတွေရဲ့ ခံစားနေရတာတွေကို ပိုပြီးနားလည်ပြီး ခွဲခြားမှုကင်းဝေးတဲ့ လူမှုဝန်းကျင်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။”

ကျေးဇူးတင်ပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024