ပဲခူးတိုင်း၊ အရှေ့ခြမ်းကရွာတချို့မှာ ပြည်သူ့စစ်ထောက်ပံ့ကြေးအတွက်ဆိုပြီး တအိမ်ထောင် နှစ်ထောင်ကျပ်ထည့်ဖို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေက တောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ညမှာ ကျေးရွာအတွင်း အသံချဲ့စက်နဲ့ အသိပေးတာဖြစ်ပြီး မဖြစ်မနေထည့်ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်လို့ ကဝမြို့နယ်နေ ဒေသခံတဦးက ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးအပါအဝင် တအိမ်ထောင်နှစ်ထောင် ထည့်ရမယ်လို့ စောနကပဲ အော်သွားတာ။ ပြည်သူ့စစ် ထောက်ပံ့ကြေးပေးဖို့အတွက်တဲ့။ မနက်ကျ ရွာထဲ ဘာအသံကြားရမလဲမသိဘူး။"
ဒါ့အပြင် ကျေးရွာကို လာမယ့်ဧည့်သည်တွေ နဂိုနေခဲ့တဲ့ ရပ်ကွက်ကထောက်ခံစာပါမှ ညအိပ်ခွင့်ပေးမယ်ဆိုပြီး သတိပေးတာတွေပါရှိလာတယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝအနီးရှိ ဒေသခံရွာသားတဦးက "ရွာထဲဆိုင်ကယ်တွေဖမ်းပြီး ငွေညှစ်တာလုပ်ပြီး အခု အိမ်ထောင်စုအလိုက်ပါ ငွေညှစ်တာ" လို့ပြောပါတယ်။
ပဲခူးအရှေ့ခြမ်းရှိ ရွာတချို့မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ၊ ဆိုင်ကယ်တွေ ရွာချင်းဆက်သွားခွင့်မပေးတာတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတွေ မှာ အခက်ခဲဖြစ်နေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။