တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက် သုမင်္ဂလာလမ်းနဲ့ ပါရမီလမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက တောင်ဥက္ကလာပ EPC ရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပြီး သေနတ်နဲ့ပစ်ခတ်သံအချို့ကို ကြားရတယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးအရင်ပေါက်တာ၊ ဗုံးပေါက်ပြီး သေနတ်သံတွေကြားရတယ်။ စစ်တပ်က ပစ်တာလား၊ အပြန်အလှန်ပစ်တာလားတော့ မသိဘူး။"
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ခြံစည်းရိုးအပြင်မှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးပေါက်တာတော့ ဟုတ်တယ်၊ ရုံးခြံစည်းရိုးအပြင်ဘက်မှာ ပေါက်တာ၊ လူထိခိုက်တာမရှိဘူး။ ဗုံးနဲ့လာပစ်တဲ့သူတွေကို စစ်တပ်က သေနတ်နဲ့ပစ်တာနဲ့တူတယ်။"
ဗုံးပေါက်ကွဲပြီးနောက် EPC ရုံးအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က သုမင်္ဂလာလမ်းမကြီးတလျှောက် အိမ်စီးကားတွေနဲ့အဌားယာဥ်အချို့ကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း တောင်ဥက္ကလာမြို့နယ် EPC ရုံးမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။