စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင် စစ်ကောင်စီကင်းစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဘက်က နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်ပိုင်းက သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိထာားကာ ဒေသခံကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးက “၂၁ ရက်နေ့က စတိုက်တာ။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ သူတို့ဘက်လည်း ကျဆုံးမှု များတယ်။ စကစဘက်က လေကြောင်းကနေ ၃ ကြိမ် ပစ်ကူခဲ့တာ။ ၂၁ ရက် နေ့တကြိမ်၊ ၂၃ ရက်နေ့က ၂ ကြိမ်။ စခန်းသိမ်းထားတဲ့ အခြေအနေအသေးစိတ်တော့ ပြောပြလို့မရသေးဘူး”လို့ ပြောပါတယ်။
အဆိုပါ ရန်ကြီးအောင် စစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကလေးမြို့နယ်တောင်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က နိုဝင်ဘာ ၄ ရက်နေ့ကလည်း မြောက်စည်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
လက်ရှိ ကလေးမြို့နယ်မှာတော့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက် ရာဇဂြိုဟ်အကျဉ်းစခန်း ၂ ခု၊ မြောက်စည်းရဲစခန်းတစ်ခုနှင့် ရန်ကြီးအောင်စခန်းအပါအဝင် စစ်ကောင်စီကင်းစခန်း ၄ ခုကို သိမ်းပိုက်ရရှိထားပါတယ်။