မြောက်ကိုရီးယားဟာ သူ့နိုင်ငံနဲ့ထိစပ်နေတဲ့ တောင်ကိုးရီးယားနယ်စပ်မှာ ပိုပြီးအားကောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်သစ်တွေကို ဖြန့်ကြက်ချထားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက နိုဝင်ဘာ ၂၃ ရက်မှာပြောကြားလိုက်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်တလျှောက် တင်းမာမှုတွေကို လျှော့ချဖို့ ပုံစံထုတ်ထားတဲ့ တောင်ကိုရီးယားနဲ့ သဘောတူညီထားချက်အောက်မှာ ရပ်ဆိုင်းထားခဲ့ရတဲ့ စစ်ရေးအစီအမံအားလုံးကို ပြန်စတင် လုပ်ဆောင်တော့မှာဖြစ်ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားကြောင်း KCNA သတင်းဌာနက ပြောပါတယ်။
မနေ့က ပြုံယမ်းရဲ့ သူလျှိုဂြိုဟ်တုလွှတ်တင်မှုကို ကန့်ကွက်တဲ့အနေနဲ့ ကိုရီးယား နှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ်က စစ်ဘက်သဘောတူစာချုပ်ရဲ့ တစိတ်တပိုင်းကို ဆိုးလ်က ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် တရက်အကြာမှာပဲ ပြောကြားလိုက်တာပါ။
တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားနဲ့ လုံခြုံရေး အခိုင်အမာ ချထားတဲ့ နယ်စပ်တလျှောက်မှာ ထောက်လှမ်းရေးတွေကို ချက်ချင်း တိုးမြှင့်မယ်လို့ အမျိုးသားကာကွယ်ရေးကော်မတီရဲ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်လာခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်းဝမ်ရှစ်က ပြောပါတယ်။
“စက်တင်ဘာ ၁၉ စစ်ရေးသဘောတူညီချက်ကို တစိတ်တပိုင်း ဆိုင်းငံ့လိုက်တာဟာ တောင်ကိုရီးယားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဘေးကင်းလုံခြုံမှုကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တခုဖြစ်ကြောင်းနဲ့ ဒါဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ဆန့်ကျင်တဲ့ အစီအမံတခု ဖြစ်ပြီး အနည်းငယ်လောက်သော ခုခံကာကွယ်မှုပဲ ဖြစ်ပါတယ်။”
မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ဝင်သွားခဲ့တယ်လို့ ယူဆရပြီး ပုံမှန်အတိုင်း လည်ပတ်နေခြင်း ရှိ၊ မရှိ အကဲဖြတ်ဖို့တော့ ၃ - ၄ ရက်တော့ အချိန်ယူရဖွယ်ရှိပါတယ်။
Source/Photo : Reuters