နိုင်အာဂရာရေတံခွန်ရှိ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံကို ဆက်သွယ်ထားတဲ့ ရိန်းဘိုး တံတားမှာ နိုဝင်ဘာ ၂၂ ရက်က ယာဉ်တစီး ပေါက်ကွဲခဲ့တာကြောင့် နယူးယောက်အနောက်ပိုင်းနဲ့ တောင်ပိုင်း အွန်တာရီယို အကြားရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ၄ ခုစလုံးကို အာဏာပိုင်တွေက ပိတ်ခိုင်းခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါသူ ၂ ဦး သေဆုံးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တဦး ဒဏ်ရာရရှိခဲ့ကြောင်း Fox News သတင်းဌာနက အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထုတ်လွှင့်ပါတယ်။
ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ FBI အကြမ်းဖက်မှုနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ကို တာဝန်ပေးထားကြောင်း နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူးလ် က ပြောပါတယ်။
အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး (CBP) အေဂျင်စီရဲ့ ကနဦး ညွှန်ပြချက်တွေမှာတော့ ဒီဖြစ်စဉ်ဟာ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
CBP တာဝန်ရှိသူတွေကတော့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလို့ မဆုံးဖြတ်ထားဘဲ အစောပိုင်း သက်သေအထောက်အထားတွေမှာ အဲဒီလိုတွေ မတွေ့ရဘူး လို့ ပြောပါတယ်။
ကနေဒါရုပ်သံဌာန CTV News ကတော့ အစိုးရတာဝန်ရှိသူတွေဟာ ဒီယာဉ်ပေါက်ကွဲမှုကို အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ ယူဆချက်နဲ့ လုပ်ဆောင်နေတယ်လို့ အမျိုးသားလုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။
Source/Photo : Reuters