မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရံပုံ အရေးပေါ်ဖြည့်တင်းဖို့ လိုနေသလို ဒုက္ခရောက်နေသူတွေဆီကို အန္တရာယ်ကင်း ထိရောက်စွာ သွားရောက်ကူညီနိုင်ဖို့လည်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်အထိရရှိထားတဲ့ သတင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၈၆၀၀၀ ကျော်ရှိပြီး နောက်ထပ်များပြားလာဦးမှာဖြစ်တယ်လို့ UNOCHA က နိုဝင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဟာ လူနေထူထပ်တဲ့ မြို့တွေအထိ ထိုးဖောက် ဝင်ရောက်နေပြီဖြစ်သလို ဒါဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရင်ဆိုင်ရတဲ့ အကြီးမားအပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပြီး ရှမ်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ဝန်းကျင်က လုံခြုံရေးအခြေအနေဟာ အခုချိန်ထိ စိုးရိမ် ထိတ်လန့်စရာဖြစ်နေဆဲဖြစ်ပြီး လူဦးရေ ၂၀၀၀၀ လောက်ဟာ နိုဝင်ဘာလလယ်လောက် ကတည်းက ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့ထဲဝင်တဲ့လမ်းကို ပိတ်ထားပြီး ဘေးလွတ်ရာကို ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူတွေလည်း ရာနဲ့ချီရှိနေကာ နေရာ ၅ ခုမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာ ၂၆၀၀၀ ခန့်လည်းရှိနေပြီး နိုဝင်ဘာ ၁၀ ရက်ကစပြီး ပိတ်မိနေသူတွေဆီကို ထောက်ပံ့ကူညီရေးတွေ ပေးပို့နိုင်ခြင်းမရှိတော့ဘူးလို့ ကုလသမဂ္ဂ အေဂျင်စီက ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေထဲက သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အတော်များများဟာ ပိတ်ဆို့ ခံထားရသလို လေဆိပ်တွေကိုလည်း ပိတ်ထားကြောင်းနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေလည်း မရဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂမိတ်ဖက် အဖွဲ့အစည်းတွေဟာ အခက်အခဲတွေရှိနေတဲ့ကြားက အရပ်သားတွေအတွက် အသက်ကယ်အကူအညီတွေကို သူတို့တတ်နိုင်သလောက် ပေးနေပြီး များပြားလာနေတဲ့ လိုအပ်ချက်တွေကို တွက်ချက်လေ့လာနေကြတယ်လို့ ဆိုပါတယ်။
အရေးပေါ်အနေနဲ့ အလိုအပ်ဆုံးအရာတွေကတော့ ငွေကြေး၊ အစားအစာ၊ နေရာထိုင်ခင်း၊ သန့်ရှင်းရေးသုံးပစ္စည်း အခြေခံကျန်းမာရေး ထောက်ပံ့မှုနဲ့ ဘေးအန္တရာယ်ကာကွယ်ရေး ထောက်ပံ့မှုတွေ ဖြစ်ပါတယ်။
အခုချိန်အထိ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ရန်ပုံငွေလျာထားချက်ရဲ့ ၂၈ ရာခိုင်နှုန်းသာ ရရှိထားသေးကြောင်းနဲ့ နိုင်ငံအနှံ့ လူဦးရေ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာကြောင့် ရန်ပုံငွေ အရေးပေါ်ဖြည့်တင်းဖို့ လိုနေသလို တဖြည်းဖြည်းများပြားလာနေတဲ့ လိုအပ်ချက်တွေနဲ့ ဒုက္ခရောက်နေသူတွေဆီကို အန္တရာယ်ကင်း ထိရောက်စွာသွားရောက်ကူညီနိုင်ဖို့လည်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ UNOCH ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။