မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် ည ၈ နာရီက ကြံ့ခိုင်ရေးပါတီ ခရိုင်အတွင်းရေးမှူး အမျိုးသမီးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီ အောင်လံခရိုင် အတွင်းရေးမှူး ဒေါ်တင်မာဌေး နေထိုင်ရာ ငရန့်ချောင်းကျေးရွာနေအိမ်ကို မနေ့ည ၈ နာရီဝန်းကျင်က အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဆင်ပေါင်ဝဲမြို့နယ် အရှေ့ဘက်က မြို့နဲ့ဆို နည်းနည်းဝေးတယ်။ အရင်လက မြို့နယ်အတွက် သူတို့တွေ အစည်းအဝေးလုပ်တာတွေ ရှိတယ်။ ခရိုင်အတွင်းရေးမှူးက ဦးဆောင်တာ။ သေနတ်နဲ့ လေးချက်ပစ်သွားတာ ပွဲချင်းပြီးပဲ။”
ဒေါ်တင်မာဌေးကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သေဆုံးသူဒေါ်တင်မာဌေးရဲ့ ရုပ်အလောင်းကို ဆင်ပေါင်ဝဲမြို့နယ် ပြည်သူဆေးရုံသို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ပို့ဆောင်ထားပြီး ပစ်ခတ်မှုကိစ္စနဲ့ပတ်သက်ပြီး ငရန့်ချောင်းကျေးရွာမှ စစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း အရှေတောကျေးရွာနဲ့ နီးစပ်တဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတချို့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိပါတယ်။