ဗြိတိန် အခြေစိုက် ကမ္ဘာရေးရာများကို လေ့လာတင်ပြနေသော The Conversation အဖွဲ့က “Myanmar’s military junta appears to be in terminal decline” ဟူ သော ခေါင်းစဉ်ဖြင့် ယခုလို ရေးသားလာခဲ့သည်။
စစ်အာဏာသိမ်းအဖွဲ့၏ ယာယီသမ္မတ ဆိုသူ မြင့်ဆွေက သူ၏လက်နက်ကိုင်တပ်များသည် နယ်မြေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးသွားခဲ့ရပြီးနောက်တွင် နိုင်ငံသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားနိုင်သည်ဟု သတိပေးလာခဲ့သည်။ ထို့အတွက် မြန်မာပြည်သူများက ၎င်း၏တပ်များကို ထောက်ခံမှုပေးကြပါရန် ပန်ကြားလာခဲ့သည်။ ၎င်း၏ ပန်ကြားချက်အား ပြည်သူများက မကြားချင်ယောင်ဆောင်နေကြဦးမည်သာ ဖြစ်သည်။
စစ်တပ်က နယ်မြေအမြောက်အမြား လက်လွှတ်ခဲ့ရမှုအပေါ် စိုးရိမ်ကြောင့်ကြလာနေသော်လည်း ၅၅ သန်းသော မြန်မာပြည်သူများကမူ ထိုအရေးအပေါ် အကြီးအကျယ် အောင်ပွဲခံ မြူးထူးနေကြပြီ ဖြစ်သည်။
အာဏာသိမ်းအဖွဲ့သည် လူထု၏ စိတ်ခံစားချက်ကို ယခုအခါလည်း နားလည်သေးပုံမရပေ။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပွဲအပြီး နိုင်ငံတဝန်း ဒေါသတကြီးဖြင့် ဆူပူကန့်ကွက်လာသည်ကို မြင်ရ၍ အံ့အားတသင့် ဖြစ်ခဲ့ရကြောင်း မင်းအောင်လှိုင်ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။
ထိုသို့ ဆန့်ကျင်ကန့်ကွက်လာမှုများကို နှိမ်နှင်းရန် မဲမဲမြင်ရာ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်း ဗျုဟာကို ကျင့်သုံးလာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ စာရင်းများအရ လက်ရှိအချိန်တွင် အဖမ်းခံထားရသူပေါင်း ၁၉,၆၇၅ ဦး ရှိနေပြီ ဖြစ်ပြီး နေ့စဉ်လို တိုးပွားလာနေသည်ဟု ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအားလည်း စနိုက်ပါဖြင့် ပစ်ခတ်ခြင်း အပါအဝင် အရှင်မထားဘဲ ပစ်ရန်အထိပါ အမိန့်ပေးခဲ့သည်။
၎င်းတို့အား လက်နက်ကိုင် တော်လှန်လာမှုကို နှိမ်နှင်းရာတွင်လည်း အနီးအနားရှိ အရပ်သား ပြည်သူများပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ပြီး ဒဏ်ခတ်သည့် စနစ်ကိုပါ ကျင့်သုံးခဲ့ကြပြန်သည်။ ၎င်းတို့၏ မြေလှန် စစ်ဆင်ရေးများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည့်အပြင် လူ ခုနစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဘဝ ရောက်ခဲ့ရသည်။ သို့သော် လူထု သည် ၎င်းတို့ ထင်သလို ဝပ်တွားသွားခြင်း မရှိသည့်အပြင် တနိုင်ငံလုံးအနှံ့ လက်နက်စွဲကိုင် ခုခံ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလာခဲ့သည်။
၂၀၂၁ စက်တင်ဘာလမှစ၍ အမျိုးသားညီညွတ်ရေးအစိုးရသည် ခုခံစစ် ဆင်နွှဲမည်ဟု ကြေညာပြီး စစ်ကောင်စီနှင့် စီးပွားရေးပစ်မှတ်များကို စတင်တိုက်ခိုက်လာခဲ့သည်။ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များသည် ၎င်းတို့အား ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တွန်းလှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်အတူ လက်တွဲ တိုက်ပွဲဝင်လာခဲ့ကြသည်။
ယခုအခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအဖို့ စစ်တန်းလျားမှ ထွက်သည့်အခါတိုင်း အန္တရာယ်နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ထို့အတွက် လေကြောင်းပစ်ကူကိုသာ ပို၍ အားကိုးလာနေကြရ၍ မြေပြင်တွင် စိုးမိုးထားနိုင်ရေးသည် ပို၍ ခက်ခဲလာခဲ့သည်။ စီးပွားရေးနှင့် နယ်မြေ ဆုံးရှုံးမှုများသည် တစထက် တစ များပြားလာခဲ့ရသည်။
စစ်တပ်အတွက် အများအမြင်တွင် တရားဝင် အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဟု အဖြစ်ရောက်ရေးသည် နိုင်ငံကို မပြိုကွဲအောင် ထိန်းသိမ်းထားနိုင်စွမ်းရှိမှုအပေါ် တည်မှီနေ၍ ထိုသို့ နယ်မြေများ ဆုံးရှုံးနေရသည့် အဖြစ်သည် ၎င်းတို့အတွက် လွန်စွာ အရေးကြီးလာခဲ့ရသည်။ စစ်တပ်မှ ရေးဆွဲ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း နိုင်ငံမပြိုကွဲရေး ဆိုသည့် စာသားကို အကြိမ်ပေါင်း တဒါဇင်မက ထည့်သွင်းထားခဲ့သည်။ စစ်တပ်၏ ဒို့တာဝန် အရေးသုံးပါးလည်း ဖော်ပြထားသည်။ ဤသည်ကလည်း ၎င်းတို့ နစ်ပေါင်း ငါးဆယ်ကျော် အုပ်ချုပ်လာမှုသည် မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့အတွက် အဓိကအချက်များ ဖြစ်လာခဲ့သည်။
ယခုအခါ စစ်တပ်သည် စစ်စခန်းများ ပြင်ပနှင့် မြို့ကြီးပြကြီးများကို ကျော်လွန်၍ ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ ထိုအချက်ကပင် စစ်တပ်အဖို့ စိတ်ဓာတ်ရေးရာပိုင်း အပြင်းအထန် ထိုးနှက်ခံနေရခြင်း ဖြစ်ပြီး ခုခံတွန်းလှန်မှုများ ပို၍ အားကောင်းလာအောင် ဖန်တီးပေးသလို ဖြစ်ခဲ့ရသည်။
မကြာမီကာလအတွင်း ရှမ်းပြည်နယ်တွင် မဟာမိတ်ညီနောင် တပ်များအား အရေးနိမ့်သွားခဲ့ရမှုကြောင့် လွန်စွာမှ အရေးပါသည့် နယ်မြေများ လက်လွှတ်ပေးလိုက်ရပြီ ဖြစ်၍ အထိခိုက်ကြီး ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။
နိုဝင်ဘာလဆန်းတွင် စစ်စခန်းများ ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရပြန်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ စစ်ဆင်ရေးတွင် အဓိက တာဝန်ရှိခဲ့သည့် ခြေမြန်တပ်မ (၉၉) မှ ဗျူဟာမှူးပါ ကျဆုံးသွားခဲ့သည်။ မန္တလေးမှ တရုတ်သို့ ကုန်ကူးရာ စီးပွားရေးစင်္ကြံလမ်းမကြီးအားလည်း မဟာမိတ်တပ်များက ထိန်းချုပ်နိုင်ခဲ့သည်။
တရုတ်၏ အခန်းကဏ္ဍ
မဟာမိတ်ညီနောင်များအဖွဲ့ ကိုယ်နှိုက်က နယ်မြေစိုးမိုးထားလိုသည့် ရည်မှန်းချက်များ ရှိနေသော်လည်း လက်နက်ခဲယမ်းများအတွက် တရုတ်ကို အားကိုးနေရ၍ လက်ရှိ စစ်ဆင်ရေးသည် တရုတ်အား အသိမပေးဘဲ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
တရုတ်အစိုးရမှ ထိုစစ်ဆင်ရေးအား ခွင့်ပြုလိုက်ခြင်းကပင် ၎င်းတို့သည် အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အတွင်း အခြေစိုက်နေသော အွန်လိုင်း လူလိမ်ဂိုဏ်းများအား ပေယျာလကန်ပြုနေမှုကို စိတ်ကုန်လာပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်၏ ထိုသို့ မဟာဗျူဟာပိုင်းတွင် မပြတ်မသား ရပ်တည်လာခြင်းသည် အံဩစရာတော့ မဟုတ်ပေ။ တရုတ်သည် စစ်တပ်၏ အာဏာသိမ်းခဲ့မှုအပေါ် စိတ်ပါလက်ပါ ထောက်ခံခဲ့ခြင်း မရှိပေ။ ထိုစဉ်က တရုတ်သံအမတ် ချင်ဟိုင်းမှ သတင်းထောက်များအား အာဏာသိမ်းမှုသည် မိမိတို့ လုံးဝ မြင်တွေ့လိုသည့်အဖြစ် မဟုတ်ဟု ပြောခဲ့ဖူးပေသည်။
တရုတ်သည် နိုင်ငံတကာစင်မြင့်တွင် စစ်အာဏာသိမ်းအဖွဲ့၏ အဓိက မဟာမိတ်အဖြစ် ရပ်တည်ပေးလာခဲ့သော်လည်း တရုတ် ခေါင်းဆောင်ပိုင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်စွာရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း အလားတူ ဆက်ဆံရေးမျိုး ထိန်းသိမ်းထားခဲ့ပြန်သည်။
ယခုအခါ တရုတ်၏ မဟာဗျူဟာ ပြောင်းလဲလာမှုသည် အာဏာသိမ်းအဖွဲ့ နယ်မြေများ လက်လွှတ်လာခဲ့မှု၊ စီးပွားရေး ကျဆင်းလာမှုများကြောင့် ၎င်းတို့အား ဖယ်ခွာလာသည့် သဘောပင် ဖြစ်သည်။ တရုတ်ခေါင်းဆောင်ပိုင်းသည် မြန်မာပြည် အနေအထားကို အားလုံးထက် ပိုသိသူ ဖြစ်၍လည်း စစ်အာဏာသိမ်းအဖွဲ့ ယခုအခါ ကျွမ်းထိုးမှောက်ခုံ ထိုးဆိုက်ကျလာနေပြီ ဆိုသည်ကို မသိဘဲနေမည် မဟုတ်ပေ။
အခြားသူများကတော့ ၎င်းတို့လောက် ပါးရည်နပ်ရည် မရှိလှဟု ဆိုရမည် ဖြစ်သည်။ ရုရှားသည် တရုတ်နေရာ ဝင်ယူလာပြီး မြန်မာအား အဓိက လက်နက်ရောင်းချပေးနေသည့်နိုင်ငံ ဖြစ်လာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားထံမှ လက်နက်များကို ဒေါ်လာ ၄၀၆ သန်းဖိုး ဝယ်ယူခဲ့ပြီး ဖြစ်သည်။ ငွေအစား လေယာဉ်ဆီများ ပံ့ပိုးပေးနေပြီး ဘင်္ဂလားပင်လယ်အော်ရှိ ဆိပ်ကမ်းများ အသုံးပြုခွင့်ရရေး၊ ဒေသအတွင်း ပါဝင်ပတ်သက်ခွင့် ရရာရကြောင်းအတွက်လည်း ဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာမီကမှ ရုရှား ရေတပ်အား ကြိုဆိုခဲ့ပြီး ပူတင်အားလည်း နိုင်ငံတကာ တည်ငြိမ်ရေးအတွက် လုံးပန်းနေသော ကမ္ဘာခေါင်းဆောင်ကြီး ဆိုကာ အမွှမ်းတင်ခဲ့ပြန်သည်။ ထိုစကားမျိုးသည် ပူတင်အတွက် ဂုဏ်ယူစရာ ဖြစ်မလာဘဲ အရှက်ခွဲနေသလို ခံစားလာရသည်။ အာဏာသိမ်းအဖွဲ့ နိမ့်ပါးလာနေသည်ကို တွေ့လာရ၍ မြန်မာအပေါ် ဩဇာသက်ရောက်နိုင်မှုနှင့် ဒေသအတွင်း ပါဝင်ပတ်သက်ခွင့် ရနိုင်မည့် အလားအလာများသည် ကြာရှည်ခံတော့မည်မဟုတ်ဟု သိလာကြပြီ ဖြစ်သည်။
အာဏာသိမ်းအဖွဲ့ အလွန် အစီအမံများ
NUG သည် အာဏာသိမ်းအဖွဲ့ မရှိတော့သည့်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့် နိုင်ငံအား တစည်းတလုံးတည်း ဖြစ်ရန် တည်ဆောက်သွားမည်ဟု ရည်မှန်းထားသည်။ သို့သော် စစ်တပ်ကို အဓိက ထိုးနှက်နိုင်ခဲ့ပြီး နယ်မြေ အမြောက်အမြား ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များအတွက်တော့ ၎င်းတို့ လိုချင်သည့် ရလဒ်မျိုး မဟုတ်ပေ။
၎င်းတို့ဘက်မှ ဖက်ဒရယ်စနစ်နှင့် လူနည်းစု အခွင့်အရေးများကို အာမခံနိုင်မည့် အချက်များကို အဓိကထား တောင်းဆိုလာကြမည်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရနေစဉ် ကာလအတွင်းကလည်း ၎င်းတို့ လိုလားချက်များကို ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိပေ။
စစ်အာဏာသိမ်းအဖွဲ့သည် ယခုအခါ ပြန်၍ နာလန်မထူနိုင်လောက်အောင် အရေးနိမ့်သွားပြီ ဆိုသည်မှာ ထင်ရှားလာနေပြီ ဖြစ်သည်။ သို့သော် ထိုအနေအထားမျိုးက ချက်ချင်း လက်ငင်းဆိုသလို ဖြစ်လာနိုင်စရာ မရှိသေးပေ။ လက်ရှိတွင် ၎င်းတို့အတွက် အခြေအနေ ကောင်းလာလို ကောင်းလာငြား အစွမ်းကုန် အကြမ်းဖက်လာနိုင်စရာ ရှိနေ၍ ၎င်းတို့ အုပ်ချုပ်နေမှုကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။
မြန်မာပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများ အားလုံးကလည်း စစ်တပ်၏ အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက်တွင် တိုင်းပြည် မတည်မငြိမ်နှင့် ကသောင်းကနင်း ဖြစ်လာမည်ကို မလိုလားကြပေ။
နိုင်ငံတွင်းရှိ လူ့အခွင့်အရေးများနှင့်ပတ်သက်၍ တင်းတင်းမာမာ ပြောခဲ့ကြသော အိမ်နီးချင်း အာဆီယံနိုင်ငံများ၊ အမေရိကန်၊ ဗြိတိန်နှင့် အီးယူကဲ့သို့ အနောက်နိုင်ငံများအနေဖြင့် စစ်အာဏာရှင် အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး နောက်ပိုင်း တော်လှန်ရေးအဖွဲ့များ အတူ ငြိမ်းချမ်းသည့် အနာဂတ် ထွက်ပေါ်လာရေး အာမခံနိုင်ရန် ပြင်ဆင်ထားကြရမည် ဖြစ်သည်။
စစ်တပ်ကို ဖယ်ရှားပြီး ထွက်ပေါ်လာမည့် အသွင်ကူးပြောင်းရေးကာလအတွင်း နိုင်ငံ တည်ငြိမ်မှု ရှိရေးအတွက် နိုင်ငံတကာ၏ တာဝန်ခံမှု လိုအပ်နေပေသည်။ ၁၉၉၀ ကျော် နှစ်များအတွင်း ကမ္ဘောဒီယားတွင် တည်ထောင်ပေးခဲ့သည့် ကုလသမဂ္င ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ United Nations Transitional Authority in Cambodia (UNTAC) အဖွဲ့မျိုး ထားနိုင်လျှင် ပိုကောင်းပေမည်။
မြန်မာတွင် ဖြစ်ပေါ်လာနေသည့် အပြောင်းအလဲများကြားတွင် အငိုက်မိခံမည့်အစား ယခုအခါ သေချာသလောက်နီးနီး ရှိနေသည့် အသွင်ကူးပြောင်းရေးကာလအတွက် ကုလသမဂ္ဂအနေဖြင့် ကြိုတင်စီမံမှုများ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!