ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ်နယ်စပ် ကျင်စန်းကျော့ကားကြီးကွင်းမှာ ဒီနေ့ မနက် ၉ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပွားပြီး ကုန်တင်ကား အတော်များများ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတကြောင်းဟာ မနေ့ညက အဆိုပါကားကြီးဝင်းထဲမှာ ဝင်ရောက်စခန်းချနေတာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့လည်း သတင်းထွက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ကားတွေ မီးလောင်ရတဲ့ အကြောင်းရင်းတော့ သေချာမသိပါဘူး။ မနေ့ညက တပ်မတော်စစ်ကြောင်းတွေ ရှိနေတယ်၊ မဟာမိတ်တပ်က ဒရုန်းနဲ့ပစ်ပြီး တိုက်တယ်လို့တော့ ပြောကြတာပဲ။ ကားမီးလောင်တော့ ကားပိုင်ရှင်တွေက ကိုယ့်ကားကိုယ်သွားရွှေ့မလို့ မြန်မာ စစ်သားတွေက အစပိုင်း မပေးရွှေ့ဘူး၊ ကားသမားတွေက ဝိုင်းတောင်းပန်မှ ပေးရွှေ့တယ်။ ရွှေ့လို့ ရတဲ့ အချိန်မှာ အနည်းဆုံး ၄-၅ စီးလောက် လောင်ပြီးပြီ။”
အဆိုပါ ကျင်စန်းကျော့ကားကြီးကွင်းမှာ ကြူကုတ်ပန်ဆိုင်း၊ ဝမ်တိန်၊ ၁၀၅ မိုင် ဘက်ကလာတဲ့ လမ်းမကြီး ၃ သွယ် ဆုံရပ်မှာတည်ရှိပြီး တရုတ်ပြည်ဘက်ပို့မယ့် ကုန်တင်ကားတွေရော၊ တရုတ်ပြည်ဘက်က ကုန်စည်တင်လာတဲ့ကားတွေရော အဆိုပါနေရာမှ ရပ်နားပြီး ကုန်စည်ဖလှယ်ရာနေရာလည်း ဖြစ်တာကြောင့် ကားအစီးရေ ၃၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
ကျင်စန်းကျော့အနီးမှာ လွန့်အင်နဲ့ ကျိန်းယန်း ဆိုတဲ့ရွာရှိပြီး ပြီးခဲ့တဲ့ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ လောက် ရောက်ရှိလာကြောင်း၊ အဲဒီစစ်ကြောင်းမှူးက ရွာသားတွေကို “မကြာခင် ဒီနားမှာ တိုက်ပွဲဖြစ်လိမ့်မယ် ရှောင်သွားကြ၊ ခင်ဗျားတို့အိမ်တွေ မထိခိုက်အောင် စောင့်ရှောက်ထားပေးမယ်ဆိုပြီး ပြောတယ်”လို့ ဆိုပါတယ်။
ရွာသားတွေဟာ တရုတ်နယ်စပ်ဘက်ကို တိမ်းရှောင်သွားပြီး မနေ့က ကိုယ့်အိမ်ကိုယ် ပြန်လာကြည့်တော့ စစ်ကောင်စီစစ်သားတွေ မရှိတော့ဘဲ အိမ်ထဲက စားစရာတွေကို ယူငင်သောက်စားပြီး စားကြွင်းစားကျန် အမှိုက်တွေ ဖြစ်သလို ထားခဲ့ကြောင်း၊ အိမ်ဆိုင်ဖွင့်တဲ့ ဆိုင်က ပစ္စည်းတွေလည်း ပျောက်ဆုံးကုန်တယ်လို့ မူဆယ်ဒေသခံက ပြောသွားပါတယ်။
တချို့အိမ်က ကုန်တင်ကားပိုင်ရှင်ဖြစ်ပြီး သူတို့ကားကို ကျင်ဆန်းကျော့ ကားကြီးကွင်းထဲ ရပ်နားထားရာမှာ မီးလောင်သွားတဲ့အတွက် နှမြောတသငိုကြွေးနေကြတယ်လို့ ဆိုပါတယ်။
ကနေ့ မွန်းတည့်ချိန် နောက်ဆက်တွဲသတင်းအရ ကားအစီးရေ ၃၀ မှ ၄၀ ထိ လောင်သွားပြီး ကားပိုင်ရှင်အများစုက စစ်ဘေးရှောင်နေတာကြောင့် လာရွှေ့သူမရှိလို့ ခုလို အများအပြား ဆုံးရှုံးသွားတာလို့ ဆိုပါတယ်။