Home
နိုင်ငံတကာ
မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက် တောင်ကိုရီးယား ဆိုင်းငံ့
DVB
·
November 23, 2023
rocket-carrying-spy-satellite-malligyong_23112023

မြောက်ကိုရီးယားဟာ သူ့ရဲ့ သူလျှိုဂြိုဟ်တု လွှတ်တင်မှု အောင်မြင်ကြောင်း ထုတ်ပြောခဲ့ပြီးနောက်မှာ တောင်ကိုရီးယားဟာ ၂၀၁၈ ခုနှစ်မှာ ပြုံယမ်းနဲ့ ချုပ်ဆိုထားတဲ့ စစ်ရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းကို နိုဝင်ဘာ ၂၂ ရက်မှာ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒေါ့ခ်ဆူဟာ ဗုဒ္ဓဟူးနေ့က အစိုးရအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပြီး အစိုးရဟာ မြောက်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု ပြန်မရမချင်း 9.19 စစ်ရေးသဘောတူညီချက်ကို တစိတ်တပိုင်း ဆိုင်းငံ့ထားဖို့ စီစဉ်လုပ်ဆောင်နေကြောင်း ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ 

ဒါဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အနိမ့်ဆုံး ကာကွယ်ရေး လုပ်ဆောင်မှုဖြစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် နည်းပညာသုံးပြီး ပစ်လွှတ်တာကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို သိသိသာသာ ချိုးဖောက်ရာရောက်ပြီး တောင်ကိုရီးယားရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတာ ဖြစ်ကြောင်း တောင်ကိုးရီးယား ၀န်ကြီးချုပ် ဟန်ဒေါ့ခ်ဆူက ပြောပါတယ်။ 

ဒါ့အပြင် စစ်ရေးတင်းမာမှုတွေ လျှော့ချရေးနဲ့ ကိုရီးယားကျွန်းဆွယ်မှာ ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် 9.19 စစ်ရေး သဘောတူညီချက်ကို လိုက်နာရမယ့် ကတိကဝတ်တွေ ကင်းမဲ့နေခြင်းကိုလည်း ရှင်းရှင်းလင်းလင်း ပြသနေတာဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

ဘက်စုံစစ်ရေး သဘောတူညီချက်လို့ လူသိများပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ အဲဒီသဘောတူညီချက်ကို တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ၂၀၁၈ ခုနှစ် ထိပ်သီးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ဘက်စုံစစ်ရေး သဘောတူညီချက်ထဲမှာ တကယ့်လက်နက်၊ ကျည်ဆန်တွေ သုံးထားတဲ့ စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းမယ့် နေရာမှာ ကြားခံဇုန်တွေ ချမှတ်ဖို့ အပါအဝင် မပျံသန်းရဇုန်တွေ သတ်မှတ်ခြင်း၊ နိုင်ငံတွေကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်မှ အစောင့်စခန်းတချို့ကို ဖယ်ရှားပြီး အရေးပေါ်ဖုန်းလိုင်းတွေ ထားရှိဖို့တွေအပြင် တခြားအချက်အလက်တွေလည်း ထည့်သွင်းထားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024