Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင်မြန်မာ ၈ ဦး ဖမ်းဆီးခံရ၊ MOU ဖြင့်သွားသည့် မြန်မာအလုပ်သမား ၅၀ လုပ်အားခမရ ဖြစ်နေ
DVB
·
November 22, 2023
myanmar worker1_22112023
myanmar-worker_22112023

ကော့သောင်းနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၈ ဦးကို  ရနောင်းခရိုင် ကရဘူရီ ဒေသက ဆီအုန်းတောထဲမှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်မတော်ကနေ နိုဝင်ဘာ ၁၉ ရက် ည ၁၀ ခွဲလောက် ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိင်ငံအမှတ် ၂၅ ခြေမြန်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေက မြန်မာအလုပ်သမား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး၂ ဦးတို့ဖြစ်ပြီး  ရန်ကုန်ကတဆင့် ပွဲစားတဦးက ဦးဆောင်ကာ ကော့သောင်းခရိုင် ခမောက်ကြီးကနေ ရောက်ရှိလာပြီး  ကရဘူရီမြစ်ကို လှေစီးပြီးဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတာလို့ ထွက်ဆိုထားပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိပြီးနောက် ဆီးအုန်းခြံတခြံမှာ ထိုင်းပွဲစားတွေရဲ့ အစီအစဉ်နဲ့ မလေးရှားဘက်ကို သွားဖို့အတွက် ကားစောင့်နေစဉ် ထိုင်းကင်းလှည့်အဖွဲ့ကနေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်

မြန်မာနိုင်ငံသားအလုပ်သမားတွေမှာ  ၁ ဦးကို  ဘတ်ငွေ ၇၀,၀၀၀ ပါလာပြီးတော့ မလေးရှားဘက်ကို သွားရောက်ဖို့အတွက် ပွဲစားတွေကို ခရီးစရိတ်ပေးဆောင်သွားရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမား ၈ ဦးကို ရနှောင်းခရိုင် ပတ်ချန်းရဲစခန်းကို ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ထိုင်းနိင်ငံမှာ အကြောင်းမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာ အမျိုးသား ၅၆ ဦးနဲ့ အမျိုးသမီး ၁၉ ဦး ပေါင်း ၇၅ ဦးတို့ကို ထိုင်းအာဏာပိုင်တွေကနေ ရနောင်းမြို့ကတဆင့် ကော့သောင်းမြို့ကို ပြန်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဆာရာဘူရီမြို့မှာလည်း နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင် သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ကို အလုပ်ရှင်က လုပ်ခလစာမရှင်းပေးဘူးလို့ WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ သိရပါတယ်။

ဆာရာဘူရီခရိုင်၊ ဆာရာဘူရီမြို့၊ပေါ့ဖရီယိုရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ Zin Tun Win 999 Co.Ltd ကတဆင့် မြန်မာ MOU အလုပ်သမား ၅၀က အလုပ်လုပ်ကိုင်ခဲ့တာ ၂ လနီးပါးကြာပေမဲ့ လုပ်ခလစာ ၄ သိန်းကျော်မရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာအလုပ်သမား ၅၀ ရဲ့ လုပ်ခလစာနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ ကြားခံဒါရိုက်တာက ဖြေရှင်းမပေးတာကြောင့် အလုပ်သမားတွေက WAG မြန်မာအလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့ဆီ အကူအညီတောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတဦးက "သူဌေးဘက်က လုပ်အားခမရှင်းပေးလို့ ကျနော်တို့ WAG ကို အကူအညီတောင်းလာတယ်။ အလုပ်သမားတွေကို Zin Tun Win 999 ကမ္ပဏီက တင်ပို့လိုက်ပေမယ့် ဒီမှာကြားခံဒါရိုက်တာထားထားတယ်။ သူက မဖြေရှင်းပေးတဲ့အတွက် ကုမ္ပဏီကလာဖြေရှင်းရတယ်။ အခုအလုပ်သမားတွေ လုပ်ခလစာနဲ့ပတ်သက်ပြီး အေဂျင့်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ၁၅ ရက်အတွင်း ရှင်းပေးမယ်လို့ မနေ့ကလက်မှတ်ထိုးသွားတယ်" လို့ ပြောပါတယ်။

MOU အလုပ်သမား ၅၀ ဟာ  Zin Tun Win 999 ကုမ္ပဏီနဲ့ လာခဲ့တာဖြစ်တဲ့အတွက် လုပ်ခလစာရှင်းပြီးပါက အခုအလုပ်မှာမဟုတ်ဘဲ အခြားဆောက်လုပ်ရေးလုပ်ငန်းတခုမှာ ကုမ္ပဏီဘက်ကထည့်ပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

အလုပ်သမား ၅၀ ဟာ ကုမ္ပဏီအစီအစဉ်နဲ့ ဆာရာဘူရီမြို့က‌နေ ဘန်ကောက်မြို့ထဲကို နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မှာ ပြောင်းရွှေ့သွားပါတယ်။

ထိုင်းနိုင်ငံ၊ မင်ဘူလီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာအလုပ်သမား ၃၂ ဦး ဆောက်လုပ်ရေးကမ္ပဏီတခုမှာ ကန်ထရိုက်ဆွဲထားတဲ့ မြန်မာအလုပ်ရှင် ထွက်ပြေးသွားတာကြောင့် လုပ်ခလစာမရတဲ့အပြင် အဆောင်ကပါ နှင်ထုတ်ခံခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013