Home
နိုင်ငံတကာ
ဓားစာခံများ လွတ်မြောက်ရေး အစ္စရေးအစိုးရ ဆွေးနွေး 
DVB
·
November 22, 2023
Netanyahu-hostage-situation-reuters_22112023

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီး ဘန်နီဂန့်ထ်ဇ်တို့ဟာ နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံပြီး  ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့  ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့ ၆ ပတ်ကျော်က ဂါဇာကမ်းမြောင်ဒေသကို  ဟားမတ်စ်က ခေါ်သွားတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်လာရေးအတွက် လမ်းကြောင်း ရှင်းလင်းရေး သဘောတူညီချက် ရအောင်လုပ်ဖို့ ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက သူ့အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ 

အစ္စရေးက ဟားမတ်စ်ကို ဆက်လက် တိုက်ခိုက်မှာဖြစ်ပြီး အစ္စရေးရဲ့ ရည်မှန်းချက်အားလုံး အောင်မြင်တဲ့အထိ စစ်ပွဲက ဆက်ဖြစ်နေဦးမှာပဲလို့ နေတန်ယာဟုဟာ ပြောကြားခဲ့ပါတယ်။ 

သဘောတူညီချက်ထဲမှာ ဂါဇာကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု ၆ ပတ်အတွင်း ပထမဆုံးအနေနဲ့ ၄ ရက်၊ ၅ ရက်လောက် ယာယီ အပစ်အခတ်ရပ်စဲရေး ပါဝင်မှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောပါတယ်။

အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ၁၅၀ ကို လွှတ်ပေးမှာဖြစ်ပြီး ဟားမတ်စ် အပါအဝင် အမျိုးသမီးနဲ့ ကလေးငယ် ၅၀ ဦးကို လွှတ်ပေးဖို့လည်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ဆွေးနွေးချက်တွေကို အမျိုးသားလုံခြုံရေး အစိုးရအဖွဲ့ကို တင်ပြခဲ့ပါတယ်။ 

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီကတော့ ဓားစာခံတွေ ပြန်လွတ်မြောက်လာရေးက တိုးတက်မှု ရှိလာပေမဲ့ အသေးစိတ် အချက်အလက်တွေ အပြီးသတ်တဲ့အထိ စောင့်ဆိုင်းပေးကြဖို့ အကြံပြုကြောင်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပြုလုပ်တဲ့ စစ်တပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဓားစာခံတွေရဲ့ သဘောတူညီချက်ဟာ နိုင်ငံရေးအဆင့်မှာ ဆွေးနွေးနေပြီ ဖြစ်ပေမဲ့ အဆင်ပြေ အောင်မြင်နိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024