ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနဲ့ အနီးတဝိုက် အလုံလမ်းမှာ စစ်ကောင်စီတပ်က တင့်ကားတွေ အသုံးပြုကာ နိုဝင်ဘာ ၂၀ ရက်က စတင်ကာ ကင်းလှည့်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒဂုံမြို့နယ် အလုံလမ်းတလျှောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနဲ့ နီးစပ်ရာနေရာတွေမှာ တင့်ကား ၂ စီး၊ ရဲကား ၁ စီးနဲ့ အင်အားပြလှည့်ကင်းလှည့်တာဖြစ်တယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာတော့ ဌာနဆိုင်ရာရုံးတွေကို သတိရှိဖို့ ညွန်ကြားတာတွေရှိသလို ကြေးနန်းတွေမပေါက်ကြားအောင်လုပ်တယ်။ ရုံးတွေမှာ CCTV တွေ တပ်ထားတယ်။ ဝန်ထမ်းတွေကို ကြောက်လန့်မှု မဖြစ်အောင် တပ်က တင့်ကားတွေနဲ့ ကင်းလှည့်တဲ့ပုံစံမျိုး ဝါဒဖြန့်တာပါ။ တပ်က အသင့်ရှိနေတယ်ဆိုတဲ့ သဘောမျိုး” လို့ ရှင်းပြပါတယ်။
ကင်းလှည့်ရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တပ်နဲ့ ရဲ အခုရက်ပိုင်း ရန်ကုန်မှာ ပူးပေါင်းကင်းလှည့်တာတွေရှိသလို တပ်ချည်းပဲ ကင်းလှည့်တာလည်း ရှိတယ်။ နေရာတွေကို ပြောပြလို့မရဘူး” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲတာတွေရှိသလို မြို့နယ်တချို့မှာ ရဲတွေက လူငယ်တွေကို ဖမ်းပြီး ငွေကျပ်သိန်းနဲ့ချီကာ ပြန်ရွေးခိုင်းတဲ့ဖြစ်စဥ်တွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်က ပဲခူးမြို့မှာ စစ်ကောင်စီတပ်က တင့်ကားတွေနဲ့ကင်းလှည့်ပြီး မြို့ခံလူငယ် ၁၈ ထက်မနည်း ဖမ်းဆီးခံရပါတယ်။