တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖုန်းအော်ပရေတာအားလုံး နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပြတ်တောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ကစပြီး လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် စစ်ကောင်စီတပ်က ဖုန်းအော်ပရေတာတွေကို ဖြတ်တောက်နေတာလို့ သိရပါတယ်။
စစ်ရှောင်ပြည်သူ တဦးက “အရင်ရက်တွေက ဖုန်းလိုင်းသုံးခု ပြတ်တယ်။ MPT တော့ ဆက်သွယ်လို့ရသေးတယ်။ ခုက MPT ပါ မရတော့ဘူး။ မြို့ထဲမှာ ပိတ်မိနေတဲ့ မိသားစုတွေကိုလည်း ဆက်သွယ်လို့မရတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်ကစပြီး Ooredoo၊ Atom၊Mytel ဖုန်းလိုင်းတွေကို ဖြတ်တောက်ပြီး MPT တခုပဲ အသုံးပြုလို့ရပေမယ့် ဒီနေ့မှာတော့ ဖုန်းလိုင်းအားလုံး ပြတ်တောက်သွားပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အဆမတန် ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၃၀၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး မြို့တွင်းကနေ စစ်ဘေးရှောင်လိုတဲ့ ပိတ်မိပြည်သူတွေလည်း ဆက်ရှိနေပါတယ်။
စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ဒီနေ့အချိန်အထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ပြည်သူအယောက် ၇၀ ကျော်ထိ သေဆုံးခဲ့ရကာ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။