ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ပြေးဆွဲနေတဲ့ စစ်ကောင်စီပိုင် ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က သိမ်းယူသွားတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အတည်ပြုပြောပါတယ်။
ကျောက်တော်ရှိ အများပြည်သူအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား (၁) နဲ့ ရေဘဝဲ (၄) ရေယာဉ် ၂ စီးကို အေအေက သိမ်းယူသွားတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာ ၂၁ ရက်မှာ ဝါဒဖြန့် မီဒီယာတွေကနေ ပြောဆိုခဲ့တာပါ။
မျက်မြင်ဒေသခံတဦးကလည်း “ရေယာဉ် နှစ်စီးက ကျောက်တော်မြို့ဆိပ်ကမ်းမှာ ရပ်နားထားတာ ဗျ။ AA တပ်ဖွဲ့ဝင်တွေက ကုလားတန်မြစ်ကြောတလျှောက်ကို ခုတ်မောင်း ယူဆောင်သွားခဲ့ကြတာ”လို့ ပြောပါတယ်။
ရေယာဉ် ၂ စီးကို သိမ်းယူသွားတာနဲ့ပတ်သက်ပြီး အေအေဘက်ကတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ရေယာဉ် ၂ စီး ပါသွားပြီးနောက် စစ်ကောင်စီတပ်က စစ်ရေယာဉ်တစီး၊ ရဟတ်ယာဉ် တစီး ချက်ချင်းရောက်လာပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ မင်းဇီချောင်း၊ ရင်းချောင်းနဲ့ လက်မဆိပ် ကျေးရွာတွေကို စစ်ရေယာဉ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သလို ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲချခဲ့ပါတယ်။