ဆိုဟဲ ဂြိုလ်တုလွှတ်တင်ရေးစခန်းကနေ ချောလိမာ-ဝမ်း ဒုံးပျံပေါ်မှာ မန်လိယုံ-ဝမ်း ဂြိုဟ်တုကို နိုဝင်ဘာ ၂၁ ရက် ည ၁၀ နာရီ ၄၂ မိနစ်မှာ လွှတ်တင်ခဲ့တယ်လို့ မြောက်ကိုရီးယား KCNA အစိုးရ သတင်းဌာနက ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာဟာ သူ့ရဲ့ ပထမဆုံးသော သူလျှိုဂြိုဟ်တုလွှတ်တင်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို နိုဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မန်လိယုံ ဂြိုဟ်တုဟာ ည ၁၀ နာရီ ၅၄ မိနစ်မှာ ကမ္ဘာပတ်လမ်းကြောင်းကို ဝင်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားအာကာသနည်းပညာစီမံခန့်ခွဲမှုကို ကိုးကားပြီး KCNA က အစီရင်ခံဖော်ပြခဲ့ပါတယ်။
ဂြိုဟ်တုဟာ ပတ်လမ်းအတွင်း နေရာကျသွားခြင်း ရှိ၊ မရှိ ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ အဲဒီလွှတ်တင်မှုကို ပထမဆုံး အစီရင်ခံခဲ့တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်မှ တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဒီဒုံးကျည်ပစ်လွှတ်မှု အောင်မြင်မှု ရှိ၊ မရှိကို အကဲဖြတ်နေဆဲ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာ ဆင်းန် က ပြောဆိုပါတယ်။
မြောက်ကိုရီးယားဟာ အခုနှစ်အစောပိုင်းက သူလျှိုဂြိုဟ်တုလို့ ခေါ်ဝေါ်တဲ့ ဂြိုဟ်တုတွေကို ပစ်လွှတ်ဖို့ ၂ ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တဲ့နောက် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်အတွင်း ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားကြောင်း ဂျပန်နိုင်ငံကို အစောပိုင်းက အသိပေးထားခဲ့ပါတယ်။
Source/Photo - Reuters