ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ နဝဒေးရပ်ကွက် စစ်မှုထမ်းဟောင်းရုံးမှာ စစ်မှုထမ်းဟောင်းတွေကို အစည်းအဝေးခေါ်ခဲ့ပြီး ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားတယ်လို့ စစ်မှုထမ်းဟောင်းမိသားစုတွေနဲ့ ရင်းနှီးသူတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက် နေ့လယ်က နဝဒေးရပ်ကွက်မှာရှိတဲ့ စစ်မှုထမ်းဟောင်းရုံးမှာ ဦးပိုင်အမြတ်ငွေတွေ ပေးအပ်မယ်ဆိုပြီး ခေါ်ယူအစည်းအဝေးလုပ်ခဲ့ပါတယ်။
ကျန်းမာရေးမကောင်းသူ တယောက်ကိုသာ နေအိမ်ပြန်ခွင့်ပြုခဲ့ပြီး အစည်းအဝေးတက်ရောက်သူ ၃၂ ဦးကို စစ်မှုထမ်းဟောင်းရုံးကတဆင့် ဘယ်နေရာ ခေါ်ဆောင်သွားတာကို မသိရှိရသေးဘူးလို့ စစ်မှုထမ်းဟောင်း မိသားစုအသိုက်အဝန်းက ဆိုပါတယ်။
စစ်မှုထမ်းဟောင်း မိသားစုနဲ့ ရင်းနှီးသူတဦးက “မနက် ၁၀ နာရီလောက်မှာ ဦးပိုင် အမြတ်ငွေရမယ်ဆိုလို့ သွားကြတာ။ လေဖြတ်ထားပြီး ပြန်ကောင်းခါစ တစ်ယောက်ကိုပဲ ပြန်လွှတ်တယ်။ ကျန်တဲ့သူ အကုန်ခေါ်ထားတာ။ မိသားစုတွေ သွားစုံစမ်းတော့ အဲဒီမှာ မရှိတော့ဘူး။ ဘယ်ကို ခေါ်သွားလဲဆိုတာ မသိရသေးဘူး။ ဒကစမှာ သွားစုံစမ်းတော့လည်း မသိဘူးလို့ပဲ ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်အချို့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး စစ်ကောင်စီက စစ်တပ်အင်အား လျော့နည်းလာတဲ့အတွက် စစ်မှုထမ်းဟောင်းတွေကို ရှေ့တန်းပို့မှာကို မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။
Photo - Cj