မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၉၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၄၂၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါ တယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူ တွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၁၂၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၇၂၇ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ ၃ ပတ်တာ ကာလတွင်း နိုင်ငံတဝန်း အကြမ်းစစ်အုပ်စုကြောင့် အမျိုးသမီး ၃၁ ယောက်နဲ့ အမျိုးသား ၅၄ ယောက်၊ စုစုပေါင်း ၈၅ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက ၃၈ ယောက်ကတော့ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပြီး ၂၂ ယောက်ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ည ၇ နာရီလောက်ကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့အတွင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ ၅၆ တပ်ရင်းနဲ့ ရဲစခန်းက လက် နက်ကြီးကျည်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ဟာ ရွှေကူမြို့၊ အမှတ် (၂) ခုံခမ်းရပ်ကွက်က နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းက ကိုအိထက်မှာ ဦးခေါင်းပွင့်ထွက်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ သိ ရပါတယ်။
နိုဝင်ဘာ ၁၉ ရက်ည ၁၁ နာရီခွဲလောက်ကတော့ အကြမ်းဖက်စစ်အုပ်စုတပ်က ရှမ်း ပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာက တအောင်းတပ်မတော်၊ တပ်မဟာ (၂) စစ်ဒေသကို ပေါင် ၅၀၀ ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းက နေအိမ်တ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုတားဆန်းနော်မှာ ကျည်စထိမှန်ကာ နေရာ တင် သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။