ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၂၁ ရက် ဒီနေ့ နေ့လယ် ၃ နာရီကျော်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ဈေးနဲ့ ဈေးဆိုင်တွေ ပိတ်ကာ လမ်းသွားလမ်းလာတွေ တိတ်ဆိတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ပစ်ခတ်သံတွေ ထွက်လာပြီးတာနဲ့ စစ်တွေဒေသခံတွေက စိုးရိမ်မှု မြင့်တက်သွားကြတာ။ ဈေးနဲ့ ဈေးဆိုင်တွေအားလုံး ပိတ်သိမ်းလိုက်ကြတာ။ စစ်ကောင်စီကားတွေလည်း စစ်တွေမြို့တွင်းကို ဝင်နေကြတယ်”လို့ ပြောပါတယ်။
စစ်တွေမြို့ခံတချို့ကတော့ မြို့ထဲက ဘေးကင်းလုံခြုံမှုရှိမယ်ထင်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြပါတယ်။
“စစ်တွေ ကန်တော်ကြီးနားက ရဲတပ်ရင်း ယ(၂)က ရွေ့လျားဒုံးတင်ကားနဲ့ ပေါက်တောကို ပစ်ကူပေးနေတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်တောမြို့မှာတော့ နိုဝင်ဘာ ၂၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့ခံ မျက်မြင်ဒေသခံတစ်ဦးက “ဒီနေ့မနက်ကတည်းက အေအေက အင်အား အလုံးအရင်းနဲ့ ပေါက်တောမြို့ကို ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေကြတာဗျ။ လက်နက်ငယ် လက်နက်ကြီးသံတွေ အခုထိ ဆူညံနေတယ်။ Mi တိုက်လေယာဥ် ၂ စီး နဲ့ ပစ်ကူပေးနေတယ်”လို့ ပြောပါတယ်။
ပေါက်တောမြို့နယ် ကင်းမြစ်ထဲကနေ ရေတပ်က ဇက်ရေယာဉ်နဲ့ ၁၂ နာရီ ၅ မိနစ်လောက်မှာ ပေါက်တောမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်တွေရွှေမင်းဂံဆိပ်ကမ်းက စစ်ရေယာဉ်တစီးက လက်နက်ကြီးတွေ ပစ်ခတ်ပြီး ပေါက်တောမြို့ဘက်ကို ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ် အခြေစိုက် ခလရ ၂၀ ကလည်း နေ့လယ် ၁ နာရီ ကျော်လောက်မှာ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ပေါက်တောမြို့ မြို့မရဲစခန်းကို နိုဝင်ဘာ ၁၆ ရက်မှာ အေအေက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတပ်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရာ ပေါက်တောမြို့ကိုပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပေါက်တောမြို့ လောကထိပ်ပန်ဘုရားမှာ ပုန်းခိုအောင်းနေကြတဲ့ ဒေသခံ အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး ဓားစာခံ အယောက် ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ ပေါက်တောမြို့သူမြို့သားတွေ အားလုံးထွက်ပြေးနေကြရပြီး ပိတ်မိနေတဲ့ အရပ်သား ၅၀၀ လောက်ရှိနေဆဲ ဖြစ်ပါတယ်။
ပေါက်တောမြို့မှာ ရပ်ကွက် ၅ ရပ်ကွက်၊ အိမ်ထောင်စု ၄၀၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀၀ လောက် နေထိုင်တဲ့ မြို့တမြို့ ဖြစ်ပါတယ်။
ပေါက်တောမြို့ ပန်းသီးရပ်ကွက်ရှိ အိမ်ခြေ ၃၀၀ လောက် လေကြောင်းပစ်ခတ်မှုကြောင့် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။