တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လမ်းကြောပိတ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စက်သုံးဆီ ဆိုင်ကြီးတွေ ပိတ်ထားရပြီး တနိုင်တပိုင် အသေးစားစက်သုံးဆီတွေမှာ ဓာတ်ဆီဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အိုဆိုဆီဆိုင်၊ မြမေတ္တာမွန်ဆီဆိုင်၊ ရဲတံခွန်ဆီဆိုင်၊ ရွှေလမင်းဆီဆိုင်နဲ့ ကောင်းသန့်ဆီဆိုင် စတဲ့စက်သုံးဆီဆိုင်တွေကတော့ ဆိုင်ပိတ်ထားရတာ တပတ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
တနိုင်တပိုင် အသေးစားရောင်းချပေးတဲ့ စက်သုံးဆီဆိုင်တွေမှာ အောက်တိန်း 92 တဂါလန်ကို ကျပ် ၃၆၀၀၀ ဝန်းကျင်၊ 95 တဂါလန်ကို ကျပ် ၄၀၀၀၀ ဝန်းကျင်ဈေးနဲ့ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
ကလေးမြို့ခံတဦးက “နယ်မြို့ဆိုတော့ ဆိုင်ကယ်ကို အဓိကထား အသုံးများကြတာ။ ဓာတ်ဆီဈေးကလည်း တော်တော်များတယ်။ မြို့အနီးတဝိုက် တိုက်ပွဲဖြစ်ရင် ဆီဈေးက ပိုတက်တက်သွားတယ်။ ဆီဆိုင်ကြီးတွေကတော့ ပိတ်ထားတာကြာပြီ” လို့ ပြောပါတယ်။
ကလေးမြို့ကနေ မြန်မာပြည်အောက်ပိုင်းဘက်ကိုသွားတဲ့ ကလေး-ဂန့်ဂေါလမ်း၊ ကလေးဝ-မဟာမြိုင်လမ်း၊ ကလေးဝ-မင်းကင်းလမ်း၊ ကလေး-ဟားခါးလမ်း စတဲ့ အဓိကလမ်းမကြီး ၄ ခုရှိပြီး လက်ရှိမှာတော့ မဟာမြိုင်လမ်းကို အဓိကအသုံးပြုနေရပြီး ကလေး-ဂန့်ဂေါလမ်းကတော့ လမ်းကြောပိတ်နေတာ ၂ နှစ်ကျော်နေပြီလည်း ဖြစ်ပါတယ်။