ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊သုံးဆယ်မြို့ပေါ်က မြို့မရဲစခန်းကို နိုဝင်ဘာ ၂၀ ရက် မနေ့ည ၉ နာရီကျော်လောက်က တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။
ဂဠုန်စစ်ဆင်ရေးတာဝန်ခံ ကိုတံခွန်က “စစ်ဆင်ရေးက ၃ ခုလောက်စီ ဆင်ထားတာ၊ Plan ၃ ခု နဲ့။ အဲဒီအထဲက ရဲစခန်းကိစ္စက အထမြောက်သွားတာပါ၊ စခန်းထဲမှာလည်း အင်အားက ၃၀ လောက်ပဲရှိနေတဲ့အချိန် လုပ်ခဲ့တာ။ အပေါက်၀က ရဲတယောက်ကတော့ အချက်ပေါင်းများစွာမှန်ပြီး လဲသွားတယ်။ အခုမြေပြင်က ကင်းထောက်က လှမ်းသတင်းပို့တယ်။ အဲဒီတယောက်ကတော့ သေသွားတယ်။ ညကတော့ ကိုယ်တွေအဖွဲ့က စပစ်တော့ သူတို့ကလည်း ချက်ချင်းပဲ ၀င်းတံခါးတွေနဲ့ မီးတွေကို တန်းပိတ်ပြီး ပြန်ပစ်တယ်။ ကိုယ့်လူတွေကတော့ အကုန် လွတ်သွားပါတယ်” လို့ ဆိုပါတယ်။
သုံးဆယ်မြို့ဟာ ပဲခူတိုင်းနဲ့ ရန်ကုန်တိုင်းအစပ် ရန်ကုန်-ပြည် မီးရထားလမ်းနဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး ရန်ကုန်မြို့နဲ့ ၇၅ မိုင်အကွာမှာ ရှိပါတယ်။
သုံးဆယ်ရဲစခန်း အနီးနေသူ တဦးက “ညပိုင်း ၉ နာရီကျော်လောက်က ဖြစ်တာ။ အိမ်က ရဲစခန်းနဲ့ မဝေးတော့ သေနတ်သံတွေ အကုန်ကြားနေရတယ်။ နောက်တော့ လာသမျှ လိုက်ထရပ်ကားတွေ ကို စစ်တယ်”လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုလို ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ရဲစခန်းတခု အတိုက် ခိုက်ခံရတာက ပထမဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ သိရပါတယ်။