Home
မြန်မာသတင်း
ရန်ကုန်တွင် ပေါ်တာဆွဲသည့် သတင်းကြောင့် ညဘက်သွားလာသူ နည်းလာ  
DVB
·
November 21, 2023
Yangon Police Porter_21112023

ရန်ကုန်မြို့မှာ အခု ရက်ပိုင်းတွေအတွင်း လူမှုကွန်ရက်ပေါ်က လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲတယ်ဆိုပြီး မြို့နယ် တချို့မှာ ညပိုင်း လမ်းမတွေပေါ် လူအသွားအလာ အရင်ကထက် နည်းပါးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ ဖုန်းဆိုင်ဖွင့်ထားသူ တဦးက "ညမှောင်တာနဲ့ကို အရင်လို လူသိပ် မရှိတော့ဘူး။ ဆိုင်တွေလည်း စောစောသိမ်းလာကြတယ်။ အလုပ်သမားတွေလည်း စောပြန်ကြ တယ်"လို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ညဘက်သွားလာသူ နည်းလာတာ ရက်ပိုင်း ကြာနေပြီဖြစ်ပြီး ညကားမောင်းတဲ့ တက္ကစီတွေပါ ဝင်ငွေကျဆင်းလာတယ်လို့ ယာဥ်မောင်းတချို့က ဆိုပါတယ်။ 

မရမ်းကုန်းမြို့နယ်က တက္ကစီယာဥ်မောင်းတဦးက "ည ၈ နာရီကျော်နောက်ပိုင်းဆို လူက တော်တော် ရှင်းနေပြီ။ ကိုယ်တွေလည်းလုံခြုံရေးစိုးရိမ်ရတော့ ကားစောစောသိမ်းနေရတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီက  ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ မနက် ၄ နာရီ အထိ သတ်မှတ်ခဲ့ရာက သီတင်းကျွတ်ကာလမှာ ည ၁ နာရီမှ မနက် ၃ နာရီထိ ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

လမ်းမတော် တရုတ်တန်း၊ မြေနီကုန်း၊ စမ်းချောင်း ကျွန်းတောလမ်းနဲ့ ရှမ်းလမ်း၊ လှည်းတန်းလမ်းဆုံ၊ ကြည့်မြင်တိုင် ညဈေးဘက်နဲ့ တာမွေ ကျောက်မြောင်း ရပ်ကွက်တွေထဲမှာတော့ ည ၁၀ ကျော်ထိအောင် လူစည်းကားပြီး စားသောက်ဆိုင်တွေမှာလည်း သွားလာစားသောက်နေကြသူတွေ ရှိပါတယ်။

တာမွေမြို့နယ်နေသူတဦးက “နယ်ကျော်ပြီး မသွားကြတော့ဘူး။ ကိုယ်မြို့နယ်မှာပဲ သွားလာ စားသောက်နေကြတယ်”လို့ ဆိုပါတယ်။

ညဘက်မှာ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေကြောင့်  အလုပ်ကနေ အိမ်ကို စောစောပြန်ကြတာ တွေရှိလာတယ်လို့ ကုမ္ပဏီဝန်ထမ်း တချို့က ဆိုပါတယ်။

ဒီရက်ပိုင်းမှာ ဒဂုံမြို့သစ် ၄ မြို့နယ်၊ သာကေတ၊ ရွှေပြည်သာနဲ့ လှိုင်သာယာ၊ သင်္ဃန်းကျွန်း စတဲ့ မြို့နယ်တွေက လူငယ်တွေကို ညဘက်မှာ စစ်တပ်က ဖမ်းဆီးနေပြီး ဖမ်းဆီးခံရတဲ့ လူငယ်တချိ့ကို ငွေနဲ့ပြန်ရွေးခိုင်းတဲ့ဖြစ်ရပ်တွေ ရှိနေတယ်ဆိုပြီးလည်း  အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်နေတာပါ။

ဒါ့အပြင် မြို့နယ်တချို့မှာ ဒီရက်ပိုင်းထဲ ဧည့်စာရင်းစစ်တာတွေ ပိုစိတ်လာပြီး အဆောင်တွေနဲ့ လူငယ်တွေ စုငှားနေတဲ့ အခန်းတွေကို အဓိက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024