ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသား သူတောင်းစားတွေ ဆက်တိုက်ဖမ်းဆီးရမိနေပြီး သူတို့ဟာ ဂိုဏ်းဖွဲ့ပြီး တောင်းစားနေတာလို့ အာဏာပိုင်တွေက ယူဆပါတယ်။
ပရဟိတလူမှုကူညီရေးဆောင်ရွက်နေသူ ခွန်ကန်ကျောင်းဖလန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းကျောင်းသူဝတ်စုံနဲ့ သနားစရာကောင်းတဲ့ သူတောင်းစားတစ်ယောက်ကို ကူညီပေးဖို့ အကြောင်းကြားချက်ရခဲ့ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က အဆိုပါသူတောင်းစားရှိရာ ဘန်ကောက်မြို့လယ် ပင်ကောဝ့်နယ်မြေ ကုန်တိုက်ကြီးအနီးမှာ တောင်းစားနေတဲ့ အမျိုးသမီးတဦးကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါအမျိုးသမီးမှာ အသက် ၃၀ ကျော်ရွယ်ရှိပြီး မျက်နှာမှာ အက်ဆစ်နဲ့ အပက်ခံထားရသလို ပျက်စီးယိုယွင်းကာ လက်ချောင်းတွေလည်း ဖြတ်တောက်ခံထားရပါတယ်။ သူဟာ တရုတ်စကားပြောပြီး ထိုင်းလို မတတ်တာကြောင့် ဖယားထိုင်းနယ်မြေရဲစခန်းကို ခေါ်သွားခဲ့တယ်။ ရဲစခန်းမှာ ဒီမတိုင်ခင်ရှေ့ကလည်း သူ့လို ကိုယ်ခန္ဓာချို့ယွင်းပြီး ထိုင်းကျောင်းသူဝတ်စုံ ဝတ်တဲ့ တရုတ်သူတောင်းစားတယောက် ဖမ်းမိခဲ့သေးတယ်။ အဲဒီတယောက်ကတော့ တရုတ်ဘာသာပြန် ၁ ဦး ရောက်လာပြီး ဒီအမျိုးသမီးဟာ တရုတ်ပြည် ပြန်တော့မှာမို့ လွှတ်ပေးဖို့ လာပြောကူတာကြောင့် လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခွန်ကန်ကျောင်းဖလန်းက ဒီကိစ္စကို သူ့ရဲ့လူမှုကွန်ရက်ပေါ် တင်လိုက်ရာမှာ ဘန်ကောက် ဟိုနားဒီနားမှာ ခန္ဓာချို့တဲ့ပြီး ထိုင်းဝတ်စုံနဲ့ ထိုင်တောင်းစားနေတဲ့ တရုတ်တွေကို တွေ့တယ်လို့ ပြည်သူတွေက ခွန်ကျောင်းဖလန်းကို အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် လူမှုကူညီရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၀ မှ ၂၀ ရက်အတွင်း ဘန်ကောက် ပထုမ်းဝမ်း၊ ဘန်ဖလတ်၊ လုမ္ပဏီ၊ ဘန်ရတ်စတဲ့နေရာက လူစည်ကားတဲ့နေရာမှာ ထိုင်ပြီး တောင်းရမ်းစားသောက်နေတဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်အထိ ၅ ဦးဖမ်းဆီးရမိပြီး ၄ ဦးက တာဝန်ရှိသူမြင်တာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါသူတောင်းစားတွေရဲ့ တူညီတဲ့အချက်မှာ တရုတ်နိုင်ငံသားဖြစ်ခြင်း၊ ခန္ဓာချို့ယွင်းပုံ တူညီခြင်း၊ ထိုင်းလို မပြောတတ်ခြင်း၊ တောင်းစားနေစဉ် ရဲတွေ တာဝန်ရှိသူတွေ လာမေးက မလှမ်းမကမ်းမှာ ခရီးသွားဟန်လွဲ တရုတ်ဘာသာပြန်ရှိပြီး သူတို့ဟာ ထိုင်းကို အလည်လာစဉ် တချို့က စရိတ်ပြတ်၊ တချို့က ပိုက်ဆံအိတ်နဲ့ ပတ်စ်ပို့ ကျပျောက်တယ်၊ သံရုံးကို သွားတိုင်ပေမဲ့ သက်ဆိုင်ရာက ထူးခြားချက် အကြောင်းမပြန်သေးလို့ ပြည်တော်ပြန်ဖို့ ခရီးစရိတ်ရဖို့ တောင်းစားရတာ၊ ဒါကြောင့် မဖမ်းဘဲ လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အနီးနားပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေတွေကတော့ သူတို့တွေကို လူစည်ကားတဲ့ နေရာတွေမှာ တောင်းရမ်းစားသောက်နေတာတွေ့တာ လနဲ့ချီ ကြာခဲ့ပြီလို့ ပြောပါတယ်။
အဆိုပါသူတောင်းစားတွေ စစ်မေးရာမှာ တချို့က ၆ နာရီ ထိုင်တောင်းတာ ဘတ် ၁၀၄၀၀၊ တချို့က ၅ နာရီနဲ့ ၆ နာရီကြား ထိုင်တောင်းတာ ဘတ် ၁၀၇၀၀၊ တချို့က နာရီဝက်အတွင်း ဘတ် ၉၀၀ ရကြောင်း၊ အဆိုပါသူတောင်းစားတွေရဲ့ ပျှမ်းမျှဝင်ငွေ စုစုပေါင်းလိုက်ရင် ၁ လကို ဘတ် ၂ သန်းနီးပါး ရတယ်။ ဒါဟာ နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ ဂိုဏ်းခေါင်းဆောင်ရှိမယ်လို့ ယူဆပြီး အဆိုပါဂိုဏ်းကို ဖော်ထုတ်နှိမ်နင်းဖို့ တရုတ်သံရုံးနဲ့ ပူးပေါင်းကာ ဆောင်ရွက်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသွားပါတယ်။
SOURCE- PPTV