ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်လမ်း ချိန်ခါလီနဲ့ ဒုံးဗိုက်ကျေးရွာ တလျှောက်ရှိ စစ်ဘေးရှောင်တွေရဲ့ စပါးခင်းတွေကို ကျွဲ၊ နွားတွေ ဝင်ရောက်စားသောက်ခဲ့တာကြောင့် ပျက်စီး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာ ၂ ရွာပေါင်း စပါးစိုက်ဧက ၃၀၀၀ ရှိပြီး ဒေသတွင်းတိုက်ပွဲတွေကြောင့် ရွာသားတွေ စစ်ဘေးရှောင်နေချိန် မွေးမြူထားတဲ့ကျွဲ၊ နွားတွေက ဝင်စားခဲ့တာကြောင့် စပါးခင်းတွေ ပျက်စီးခဲ့တာလို့ သိရပါတယ်။
ချိန်ခါလီကျေးရွာသားတဦးက "တော်တော်လေး ဒုက္ခတွေ့သွားပြီ။ ကျွဲ၊ နွားတွေကိုလည်း ချည်နှောင် မထားခဲ့နိုင်ဘူးလေ။ လူတွေ မရှိတော မှည့်နေတဲ့ စပါးခင်းတွေကို ကျွဲ၊ နွားတွေ ဝင်စားပလိုက်တာ စပါးစိုက်ဧက ထောင်ကျော် ပျက်စီးသွားခဲ့ရတယ်"လို့ ပြောပါတယ်။
စပါးစိုက်ဧက ထောင်ချီပျက်စီးသွားတယ်လို့ ဒေသခံက ခန့်မှန်းပြောပေမဲ့ ပျက်စီး စပါးခင်းဧက အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဒုံးဗိုက်ကျေးသား တဦးက "ဒုံးပိုက်နဲ့ ချိန်ခါလီမှာ ကျွဲ၊ နွားမွေးမြူတာ ကောင်ရေ ၃၀၀၀ လောက်ရှိ တယ်။ ကျွဲ၊ နွားတွေ ဝင်စားခဲ့တာရော မိုးကလည်း ရွာဆိုတော စပါးခင်းတွေ ပျက်စီးသွား ရတယ်”လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော်(အေအေ)က အဲဒီရွာ ၂ ရွာနားမှာရှိတဲ့ နယ်ခြားစောင့်စခန်း ၂ ခုကို စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ မေယုကမ်းဆီ ထွက်ပြေးခဲ့ကြရတာ နိုဝင်ဘာ ၁၇ ရက်အထိ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၈ ရက်မှာ နှစ်ဘက်တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့အတွက် ရွာပြန်လာခဲ့ကြရာမှ အခုလို စပါးခင်းတွေ ပျက်စီးခဲ့တာကို သိခဲ့တာပါ။
နိုဝင်ဘာ ၁၉ ရက်မှာတော့ ရွာ ၂ ရွာရဲ့ အနောက်ဘက် ပင်လယ်ပြင်ကနေ စစ်တပ် ရေယာဉ်တွေက လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လာလို့ အဲဒီက ရွာသားတွေ ပြန်ပြီး ထွက်ပြေးကြရပါတယ်။