လွိုင်ကော်တက္ကသိုလ်က Non-CDM ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးနေပြီး အရေးယူဖို့ လိုအပ်တဲ့သူတွေကို တရားစွဲဆိုသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (ICE)က ပြောပါတယ်။
ကရင်နီပူးပေါင်းတပ်တွေ ဖော်ဆောင်တဲ့ ၁၁.၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖြိုခွင်းပြီးနောက် အဲဒီတက္ကသိုလ်မှာရှိတဲ့ Non CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကယ်ထုတ်ခဲ့တာပါ။
ကယ်ထုတ်လာတဲ့သူတွေထဲမှာ တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ ဝန်ထမ်းတွေ၊ နည်းပညာတက္ကသိုလ်က ဝန်ထမ်းတွေနဲ့အတူ သူတို့ရဲ့ မိသားစုဝင်တွေပါဝင်ပြီး စုစုပေါင်း ၂၀၄ ယောက်ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ICE က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး သူတို့တွေအားလုံးကို စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလို့ဆိုပါတယ်။ အဲဒီထဲကအရေးယူဖို့လိုအပ်တဲ့သူတွေကိုတော့ ကရင်နီပြည် ရဲတပ်ဖွဲ့ကတဆင့် တရားစွဲဆိုဆောင်ရွက်သွားမယ်လို့လည်း ICEရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ဒီဗွီဘီကို ပြောပါတယ်။
သူတို့တွေကို ဘယ်လိုပုံစံနဲ့ အပြစ်ရှိတယ်၊ မရှိဘူးဆုံးဖြတ်မယ်၊ ဘယ်လိုပုံစံ အရေးယူသွားမယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာပေါ်မှာမူတည်ပြီးမှ ပြောလို့ရမယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ Non-CDMဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို လုံခြုံဘေးကင်းတဲ့နေရာမှာ ထားရှိထားပြီး နေထိုင်စားသောက်ရေးအတွက် အားလုံးပြင်ဆင်ပေးထားတယ်လို့ ICEက ဆိုပါတယ်။
Non-CDMဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံကျန်းမာကြောင်းကို ICEရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် သူတို့ရဲ့ မိသားစုဝင်တွေကို အသိပေးထားကြပါတယ်။
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါက်တာအောင်ခင်မြင့်က “ကျနော်အခုလောလောဆယ် ဒီမှာ ကျနော်တို့ တက္ကသိုလ်က ဆရာဆရာမတွေ ဝန်ထမ်း ၁၉၄ ယောက်နဲ့ အတူတူရှိနေပါတယ်။ ကျနော့်ကို သေသွားပြီးဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျနော် ဒီမှာ လုံလုံခြုံခြုံ ကျန်းကျန်းမာမာရှိနေတယ်ဆိုတဲ့ အကြောင်းပြောချင်ပါတယ်ခင်ဗျာ” လို့ KNDF ကထုတ်လွှင့်ထားတဲ့ ရုပ်သံဗီဒီယိုမှာပြောထားပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာတော့ လွိုင်ကော် တက္ကသိုလ် ဆရာမဆရာတွေကို ကရင်နီလက်နက်ကိုင်တပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သတင်းဖြန့်နေတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကစတင်တဲ့ ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မှာ ပိတ်မိနေတဲ့ UN နဲ့ INGO ဝန်ထမ်း ၂၀၀ ကျော်ကိုလည်း တောင်ကြီးမြို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ ICEက ထုတ်ပြန်ထားပါတယ်။