ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီလေတပ်က စစ်လေယာဥ်မှူး ၁ ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက်က ကရင်နီဒေသမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တဲ့ K-8 အမျိုးအစား စစ်လေယာဥ်ကနေ လေထီးခုန်ထွက်ပြီး ထွက်ပြေး ပုန်းအောင်းနေတဲ့ စစ်လေယာဥ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) ကို
နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၂ နာရီလောက်မှာ PDF၊ KNDF နဲ့ KA တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
K-8 စစ်လေယာဥ် ပျက်ကျမှုမှာ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ လေထီးနဲ့ ခုန်ထွက်သွားခဲ့တာမှာ တဦးကို ဖမ်းဆီးရမိတာဖြစ်ပြီး ကျန်တဦးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး အပေါ့စား တိုက်ခိုက်ရေးလေယာဉ် စက်ချို့ယွင်းလို့ ပျက်ကျသွားတာဖြစ်ပြီး လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့နဲ့ အဆက်အသွယ်ရထားပြီးဖြစ်တယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ပျက်ကျသွားတဲ့ စစ်လေယာဉ်ရဲ့ အပိုင်းအစတွေကိုတော့ နိုဝင်ဘာ ၁၂ ရက်နေ့က သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲ အနီးမှာတွေ့ ရှိခဲ့ပါတယ်။
ကရင်နီပြည်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၁၁၁၁ စစ်ဆင်ရေး စတင်ဆင်နွှဲတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လွိုင်ကော်၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီစခန်း ၇ ကိုသိမ်းပိုက်ကာ၊ လက်နက်ပေါင်း ၁၀၀ ကျော်သိမ်းဆည်းရမိခဲ့တဲ့အပြင် တိုက်လေယာဉ်တစ်စီးပါ ပျက်ကျတဲ့အထိ ပစ်ချနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
Photo-NUG-MOD