တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ။ ရှင်ဓာတ်ဝဲဘုရားအနီးမှာ အရက်ဝိုင်းဖွဲ့ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့လယ်မှာ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကို Dawei Guerrilla Revolutionary Force-DGRF ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦး ၆ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၄ ဦးထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
DGRF ရဲ့တာဝန်ရှိသူက ''ရှင်ဓာတ်ဝဲဘုရားအနီးမှာ ဘာကြောင့်ရှိနေတာလဲ၊ ကျနော်တို့ နားမလည်ပါဘူး။ အထဲမှာ၊ လူသွားလူလာလည်းမရှိဘူး၊ အခုက ဘာကိစ္စနဲ့ လာတယ်ဆိုတာ နားမလည်ဘူး။ ၁၉ ရက်နေ့ မနက်ပိုင်း ထားဝယ်ဂိတ်ကနေပြီး ကားတစီးနဲ့ လာချသွားတာ ။ အင်အား ၃၀ ဝန်းကျင်လောက်ရှိပါတယ် '' လို့ ပြောပါတယ်။
DGRF အနေနဲ့ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ထိပ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူတွေကိုစစ်ဆေးနေတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပစ်ခတ်ခဲ့လို့ ယာဥ်ထိန်းရဲ ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။
တိုက်ပွဲဖော်ဆောင်တာတွေမှာ လက်လုပ်သေနတ်တွေက ခုချိန်က အသုံးမတည့်တော့ဘဲ ကျည်တွေ လိုအပ်ချက်ရှိနေတဲ့ အခက်ခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။