မွန်ပြည်နယ်၊ မုဒုံမြို့မရဲစခန်းဝင်းမှာ နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရလို့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဗုံးဟာ ရဲစခန်းဝင်းအတွင်းရှိ လက်ဖက်ရည်ဆိုင်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ဖက်ရည်ဆိုင်အမိုး ၃ ပေလောက် ပေါက်ပြဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတဦးက “ဆိုင်အတွင်းရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ။ ရဲမိသားစုဝင်ထဲကလို့ သိရတယ်။ ဦးခေါင်းနဲ့ ပခုံးတွေမှာ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးကို လူမှုကူညီရေးအဖွဲ့က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အခုဖြစ်စဥ်ကိုတော့ ဒေသကာကွယ်ရေးဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။