Home
မြန်မာသတင်း
ကျောက်ဖြူတွင် စစ်တပ်က ရေကြောင်းသွားလာခွင့် ပိတ်လိုက်သဖြင့် ဒေသခံပြည်သူများ အခက်ကြုံ 
DVB
·
November 20, 2023
Kyauk Phyu Fishing Water travel permit SAC_20112023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ  ပင်လယ်နဲ့ မြစ်ကမ်းတလျှောက် ကျေးရွာတွေမှာ ခရီးသွားလာတာ၊ ငါးဖမ်းတာတွေကို မပြုလုပ်ကြဖို့ စစ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်မှာ  တားမြစ်မိန့် ထုတ်လိုက်လို့ ဒေသခံတွေနဲ့ ရေလုပ်သားတွေ အခက်အခဲနဲ့ကြုံတွေ့နေကြပါတယ်။

ဒေသခံ ရေလုပ်ငန်းလုပ်ကိုင်သူ တဦးက “ကျောက်ဖြူမြို့ကို ရေကြောင်းသွားလာခွင့်အားလုံး ပိတ်လိုက်တာဗျ။ ခရီးသွားလှေတွေ၊ ငါးဖမ်းလှေတွေအားလုံးကို ဒီဇင်ဘာ ၁၉ ရက်အထိ တလတာ ပိတ်လိုက်တာပါ”လို့ ​ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ လတ်တလောအခြေအနေအရ ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်စတဲ့ ကမ်းခြေဒေသတွေ၊ သံဇစ်မြစ်အတွင်းရှိ ကမ်းခြေနဲ့ ရေနယ်နိမိတ်တွေမှာ  အမိန့်တစ်စုံတစ်ရာမရရှိဘဲ ၂၄ နာရီ ကာလပတ်လုံး လက်လှေ၊ ဟွန်ဒါစက်လှေတွေ သွားလာ၊ ငါးဖမ်းတာနဲ့ ကမ်းဝေး ငါးဖမ်းလှေတွေ ဖြတ်သန်း သွားလာမလုပ်ဖို့ တားမြစ်ထားတာပါ။

ဒေသခံရေလုပ်သားတဦးက “ဒီလိုငါးဖမ်းခွင့်နဲ့ ရေကြောင်းခရီးသွားလာခွင့်တွေ ပိတ်ထားရင် ကျနော်တို့ လှေသမားတွေ ထမင်းငတ်ပြီး သေကြရမှာ။ တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးနေသလို ဖြစ်နေတယ်။ ပြည်သူဘက်လည်း ကြည့်ပေးဖို့လိုပါတယ်”လို့  ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးစတင်ဖို့ တရုတ်ဘက်က ဖိအားပေး  ထုတ်ဖော်ပြောဆိုထားပါတယ်။

ကျောက်ဖြူမြို့နယ်က ပြည်သူတွေဟာ အဓိကရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေရတာဖြစ်ပြီး စစ်ကောင်စီက ငါးဖမ်းမထွက်ရဘူးလို့ အမိန့်ထုတ်လိုက်လို့ လက်လုပ်လက်စားတွေ ဒုက္ခရောက်ကုန်ပြီလို့ ကျောက်ဖြူမြို့ခံတယောက်က  ပြောပါတယ်။

ဒါ့အပြင် ရေကြောင်းခရီသွားလာခွင့်တွေပါ ပိတ်လို့လိုက် ကုန်စိမ်းနဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူဖို့ အခက်ခဲဖြစ်နေကြပြီး ရေရှည်မှာ အခက်ခဲမျိုးစုံကြုံတွေ့နိုင်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူ ပင်လယ်မြစ်ကမ်းခြေတလျှောက် ဆိပ်ကမ်းနေရာတွေမှာ ဝိုင်းဖွဲ့ပြီး အရက်သေစာ သောက်စား၊ ဝိုင်းဖွဲ့သီဆို၊ အော်ဟစ်ဆဲဆို၊ ခိုက်ရန်ဖြစ်ပွားတာတွေ မလုပ်ဖို့နဲ့ မလိုက်နာရင် အရေးယူခြင်းခံရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူမြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြည်သူ အယောက်  ၄၀ နီးပါးလောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် ဖမ်းဆီးတာတွေ လုပ်နေသလို ကုန်းလမ်း၊ ရေလမ်းတွေကိုလည်း ပိတ်ဆို့ ဖြတ်တောက်ထားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024