ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၀ ကျော် ရွှေ့ပြောင်နိုင်ဖို့အတွက် တော်လှန်ရေးတပ်တွေ ညှိနှိုင်းစီစဉ်ပေးခဲ့ပြီး ပိတ်မိပြည်သူတွေနဲ့ စစ်ရှောင်တွေအတွက်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေက အကူအညီပေးဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)နဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောငစီ (IEC)တို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် အဲဒီ ဝန်ထမ်းနဲ့ မိသားစုတွေလိုက်ပါတဲ့ ကား ၃၃ စီးပါယာဉ်တန်းဟာ လွိုင်ကော်ကနေ တောင်ကြီးမြို့ကို ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လွိုင်ကော်မြို့ထဲမှာပိတ်မိနေတဲ့ ပြည်သူတွေကတော့ အန္တရာယ်ဇုန်ထဲမှာ ရှိနေကြဆဲဖြစ်ပြီး ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူ ၃၅,၀၀၀ ကျော်အတွက်လည်း အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO တွေအနေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာဆီ ထွက်ခွာခွင့် ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။