စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာရဲစခန်းက ရဲတွေဟာ စခန်းကနေ ထွက်မပြေးခင် ပြည်သူတွေဆီက လုယူထားတဲ့ ဆန်တွေကို ဖျက်ဆီးထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ ရဲတပ်သားတွေ ထွက်ပြေးသွားတာဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကို နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန်မှာ ဖျက်ဆီးသွားတဲ့ ဆန်တွေကို တွေ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ရဲတွေဟာ မြေဇွန်ကျေးရွာက ဆန်တင်း ၁၂၀ ကျော်၊ ကြက်သွန်နဲ့ ငရုတ်သီး အများအပြားကို သိမ်းယူသွားခဲ့ကြတာဖြစ်ပါတယ်။
ရဲတွေဟာ ရဲစခန်းကထွက်မပြေးခင်မှာ ကျန်နေသေးတဲ့ ဆန်တင်း ၆၀ ကျော်ကို ရေလောင်း ဖြန့်ကြဲ ဖျက်ဆီး ခဲ့တာပါ။
ဆားလင်းကြီးမြို့နယ် လူသားစာနာအဖွဲ့ တာဝန်ခံက “သူတို့ ကျားတက်စခန်းအတွက် သိမ်းယူထားတဲ့ ဆန်တင်းပေါင်း ၆၀ ကျော်နဲ့ စားနပ်ရိက္ခာတွေကို ဒန်အိုးအကြီးတွေထဲ ဆန်တွေထည့်၊ ရေတွေလောင်းပြီး ဖျက်ဆီး၊ တချို့ကို မြေကြီးပေါ်မှာ ဖြန့်ကြဲခဲ့တယ်” လို့ ပြောပါတယ်။
ကျားတက်ရဲစခန်းက ရဲတပ်သားအယောက် ၃၀ ကျော်ဟာ စခန်းသိမ်း တိုက်ခိုက်ခံရမှာစိုးတဲ့အတွက် ပုလဲမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အတူလိုက်ပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းရုံး၊ ကေအန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၃၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့မှာ နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၁ ယောက်က ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။
နတ်သံကွင်းမြို့ ပြည်သူ့ဆေးရုံအနီးမှာရှိတဲ့ စိန်ပန်းဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် နတ်သံကွင်းတံတားမှာရှိတဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာလို့ သိရပါတယ်။
ဒေသခံတယောက်က “မနေ့က မိုးမချုပ်ခင်က ဖြစ်တာ။ နတ်သံကွင်း ဆေးရုံနား ဘုန်းကြီးကျောင်းမှာ သူတို့တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး လာကြဲသွားတာ။ အဲဒါကြောင့် နတ်သံကွင်းတံတားနားကနေ သူတို့လက်နက်ကြီးနဲ့ ပြန်ပစ်တာ။ အဲလက်နက်ကြီးက အထက်တန်းကျောင်းနားကိုကျလို့ ရွာသားတယောက်ပွဲချင်းပြီး သေပြီး တယောက်ကတော့ ဒဏ်ရာရတယ်။ ထိခိုက်မိတာတော့ ယောကျ်ားလား မိန်းမလား မသိရသေးဘူး” လို့ ပြောပါတယ်။
ကေအန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၃၊ ကျောက်ကြီးမှာ စစ်ကောင်စီဘက်က မကြာခဏ လက်နက်ကြီးပစ်ခတ်တာတွေလုပ်လို့ ဒေသခံတွေ ထိခိုက် သေဆုံးတာတွေရှိပြီး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။