ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်မှာ နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင် အချိန်က ကမ်းကပ်ထားတဲ့ သင်္ဘောတစင်း မီးလောင်ခဲ့ပြီး လူ ၂ ယောက်သေဆုံး၊ ၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အမျိုးသားတယောက် စိုးရိမ်ရတဲ့ ဒဏ်ရာရပြီး နောက် ၂ ယောက်ကတော့ မစိုးရိမ်ရဘူးလို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းဝင် တယောက်က ပြောပါတယ်။
"မီးလောင်တာကတော့ ဘယ်လိုစပြီးလောင်လဲဆိုတာတော့ အတိအကျမသိဘူး။ သတင်းကြားလို့ သွားပြီးကူညီတာပါ။ လောင်တဲ့သင်္ဘောက ကမ်းကပ်ထားတဲ့ သင်္ဘောဗျ။ အကြမ်းဖျင်း ကုန်တင်သင်္ဘောလို့တော့ သိရတယ်။ လူထိခိုက်သေဆုံးမှုနဲ့ လူနာတွေ ထွက်တယ်။ ဒက်ဘော်ဒီ ၂ လောင်းထွက်တဲ့နေရာမှာ အမျိုးသား၊ အမျိုးသမီးမှန်း ခန့်မှန်းမရအောင် တော်တော်ရုပ်ပျက်နေတယ်။ တဦးကဆွဲထုတ်လို့ရပြီး တဦးက မရလိုက်ဘူးဗျ။ ဒဏ်ရာရတဲ့ အမျိုးသား ၃ ဦးမှာ ၁ ဦးကရုပ်ပျက်ပြီး စိုးရိမ်ရတဲ့ အနေအထားပါ" လို့ သူက ပြောပါတယ်။
မီးလောင်ခဲ့တဲ့သင်္ဘောမှာ ကုန်တင်သင်္ဘောလို့ ကနဦးသိရှိရပြီး ဆုံးရှုံးမှုတန်ဖိုး များပြားနိုင်ပြီး အတိအကျမခန်းမှန်းနိုင်သေးကြောင်းနဲ့ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ကိုတော့ အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို အင်းစိန်မြို့နယ်မီးသတ်စခန်းနဲ့ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ပေးခဲ့ကာ နေ့လယ် ၁၂ နာရီခွဲအချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။