ဟားမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ဓားစာခံပေါင်း ၂၄၀ လောက်ကို ဘေးကင်းကင်းနဲ့ လွတ်မြောက်အောင် လုပ်ပေးဖို့ ဓားစာခံတွေရဲ့ ထောင်နဲ့ချီတဲ့ မိဘဆွေမျိုးတွေ၊ ဝန်းရံထောက်ခံသူတွေဟာ နိုဝင်ဘာ ၁၈ ရင်က တဲလ်အဗစ်ကနေ ဂျေရုဆလင်ထိ အဝေးပြေး လမ်းမကြီးတလျှောက် ချီတက်ပြီး အစ္စရေးအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဓားစာခံတွေနဲ့ ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ခန့်မှန်းခြေအားဖြင့် ချီတက်သူ ၂ သောင်းလောက်ဟာ စနေနေ့က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ရုံးခန်းထိ ချီတက် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဂျေရုဆလင်မြို့ပြင်မှာ စခန်းချခဲ့ကြပါတယ်။
ဟားမတ်စ် စစ်သွေးကြွတွေဟာ ကလေးငယ်တွေကနေ အဘိုးအဘွားတွေအထိ သုံ့ပန်းတွေကို ဂါဇာကမ်းမြောင်ရှိ မြေအောက်ဥမင်လိုဏ်ခေါင်းတွေအတွင်း ထိန်းသိမ်းထားတယ်လို့ ယူဆထားပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် စီးနင်းခဲ့မှုကြောင့် လူပေါင်း ၁၂၀၀ လောက် သေဆုံးခဲ့ပြီး ဓားစာခံ ၂၄၀ လောက်ကို ဆွဲခေါ်သွားတာပါ။
သူတို့ထဲက ၅ ဦးသာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေရဲ့ မိဘဆွေမျိုးတွေနဲ့ မိတ်ဆွေတွေဟာ အစ္စရေးရဲ့ လက်တုံ့ပြန်စစ်ပွဲအတွင်းမှာ သူတို့ ချစ်ခင်ရသူတွေကို ဆုံးရှုံးသွားရမှာကို စိုးရိမ်နေကြပါတယ်။
အစ္စရေးအစိုးရကတော့ ထိုးစစ်ဆင်နွှဲခြင်းကြောင့် ဓားစာခံတွေကို ပြန်ရရှိနိုင်မယ့် အခွင့်အလမ်းကို တိုးတက်စေတယ်လို့ ပြောဆိုထားပြီး အကျဉ်းသားလဲလှယ်မှုအတွက် ညှိနှိုင်းမှုလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဓားစာခံတွေထဲမှာ အရပ်သားတွေ၊ စစ်သားတွေ၊ အသက် ၁၀ လလောက် အရွယ် ကလေးတွေနဲ့ အိုမင်းမစွမ်း အသက် ၈၀ ကျော်တွေအထိ ပါဝင်နေတာပါ။
သူတို့ထဲမှ အနည်းဆုံး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဂါဇာရှိ အစ္စရေးတပ်ဖွဲ့တွေက ရရှိထားပါတယ်။
စစ်ပွဲရဲ့ အစောပိုင်းကာလတုန်းက အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်လာရင် ဓားစာခံတွေကို ကွပ်မျက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဟားမတ်စ်တွေဟာ ဒီတိုက်ခိုက်မှုတွေ ကြောင့် ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ပြောပါတယ်။
အကျဉ်းသားလဲလှယ်မှုကို အရှိန်မြှင့်ဖို့ အစ္စရေးအစိုးရကို တောင်းဆိုနေကြတဲ့ တက်ကြွ လှုပ်ရှားသူတွေကတော့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြပြီး ကာတာ-အီဂျစ် စေ့စပ်ညှိနှိုင်းမှုတွေ ကို သတိရှိကြဖို့ လိုအပ်ကြောင်း နေတန်ယာဟုရဲ့ အခိုင်အမာပြောဆိုမှုကို စိတ်ပျက်နေကြပါတယ်။
Source/Photo-Reuters