စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးတွေ လိုအပ်နေပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာတော့ တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီး ရွာ ၂ ရွာက ဒေသခံ ၁,၅၀၀ လောက် တိမ်းရှောင်နေကြပါတယ်။
ရေဦးမြို့နယ်၊ ရေဦး-ဒီပဲယင်းလမ်းပိုင်းပေါ်က မုတ်စီကျေးရွာနဲ့ မူးဆုံ(ကားဂိတ်လမ်းဆုံ) နားမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် အထိုင်ချ တပ်စွဲထားတာကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာနေ ပြည်သူပေါင်း ၁၀,၀၀၀ ကျော်ဟာ အိုးအိမ်စွန်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက မြေခံကတုတ်ကျင်းတွေပါ အခိုင်အမာတူးဖော် အထိုင်ချတပ်စွဲထားတာဖြစ်ပြီး အထိုင်ချရာနေရာနဲ့ မီတာ ၂၀၀ ပတ်ဝန်းကျင်ကိုလည်း နင်းမိုင်းတွေ မြှုပ်ထားတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
ဒါကြောင့် ပြည်သူတွေ စစ်ရှောင်ရတာ ၁၀ ရက်ကျော်ရှိလာပြီး ဆောင်းရာသီဖြစ်တဲ့အပြင် မုန်တိုင်းအရှိန်နဲ့ မိုးစွေနေတာကြောင့် အစစအရာရာ အခက်ခဲဖြစ်နေကြတာပါ။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade (page) ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)ကတော့ စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ အခြေခံ ဆေးဝါးအပါအဝင် အနွေးထည်ထွေ ခြုံစောင်တွေ၊ မိုးကာတွေကို အရေးပေါ် အကူအညီ လိုအပ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ညတိုင်းလိုလို ရေဦးမြို့ပေါ်က တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရေဦးအနောက်ဘက်ခြမ်းက ကျေးရွာတွေဘက်ကို အကြောင်းမဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအုပ်စု၊ ခထီလှကျေးရွာနဲ့ ကျွန်းပေါက်ကျေးရွာက ဒေသခံ ၁၅၀၀ လောက်ဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ပန်းဘဲချောင်းကျေးရွာအုပ်စုက ပဲရုံကျေးရွာ တောင်ကျော်လမ်းမှာ စစ်တပ်နဲ့ အေအေ နာရီဝက်လောက် တိုက်ပွဲ ဖြစ်ကြတာ။ ခထီလှနဲ့ ကျွန်းပေါက်စခန်းတွေပါ တိုက်ခိုက်ဖို့ သတင်းတွေ ထွက်လာတာကြောင့် ရွာသူရွာသား ၁၅၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေး နေကြရတယ်” လို့ ပြောပါတယ်။
ခထီလှကျေးရွာအနီးက နယ်ခြားစောင့်စခန်းဟာ အရင်က ရဲစခန်းတခုဖြစ်ပြီး လက်ရှိမှာ စစ်တပ်နဲ့ နယ်ခြားစောင့် ပူးတွဲပြီး အင်အား ၅၀ လောက်နဲ့ အထိုင်ချထားတဲ့ စခန်းတခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ကျွန်းပေါက်ကျေးရွာစခန်းက အင်အား ၁၀၀ ကျော်ရှိတဲ့ နယ်ခြားစောင့်စခန်းဗျ။ ဝင်တိုက်တယ်ဆိုတဲ့ သတင်တွေထွက်လာတယ်။ လက်တွေ့မှာ ဘာမှ မဟုတ်သေးဘူး။ ဘူးသီတောင်-မောင်တောအစပ်ပိုင်းမှာ အဲဒီစခန်း ၂ ခုပဲ ရှိတာ။ တောင်ဘဇာနယ်မြေနဲ့မဆိုင်ဘူး” လို့ ပြောပါတယ်။
နိုင်ဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းကတော့ ဘူးသီးတောင်ကနေ မောင်တောကို လက်နက်ထောက်ပို့လာတဲ့ စစ်ကား ၃ စီးကို မောင်တော ၆ မိုင်တံတားအကျော်မှာ အေအေက စီးနင်းတိုက်ခိုက်ခဲ့လို့ လက်နက်တွေနဲ့ ကား၂ စီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ကား ၁ စီးကတော့ လွတ်မြောက်သွားခဲ့ပါတယ်။