ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ကန်သာယာ၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ နိုဝင်ဘာ ၁၈ ရက်၊ မနက်အစောပိုင်း ၂ နာရီအချိန်က ရပ်နားထားတဲ့ ကား ၃ စီးကို ၁၂ ဘီးကားက ဝင်တိုက်ခဲ့ပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ဘုရားကြီးမြို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဒီနေ့မနက်စောစော ၂ နာရီလောက်က ဖြစ်တာပါ။ ၁၂ ဘီးကားက ဒိုက်ဦးမြို့ဘက်ကနေ ပဲခူးမြို့ဘက်ကို မောင်းလာတာပါ။ ယာဉ်မောင်းက အိပ်ငိုက်ပြီး ဝင်တိုက်တာ ညအိပ်ရပ်နားထားတဲ့ ကား ၃ စီးပါ။ မော်တော်ယာဉ် ၄ စီး ဆင့်တိုက်တာပေါ့" လို့ ပြောပါတယ်။
ဒိုက်ဦးမြို့နယ်ဘက်မှ ပဲခူးမြို့ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်အမှတ် 7K/3517 အဖြူရောင် ၁၂ ဘီးယာဉ်ဟာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ညအိပ်ရပ်နားထားတဲ့ နစ်ဆန်းဒီဇယ် ထရပ်ကားတစီး၊ ခရီးသည်တင်ဘတ်စ်ကားတစီးနဲ့ UD ထရပ်ကား တစီးတို့ကို ဆင့်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးကားက ယာဉ်နောက်လိုက် ကျော်ဇင်ထွန်းမှာ ခြေထောက်တွေ ဒဏ်ရာအပြင်းအထန်ရပြီး ဘုရားကြီးမြို့ အရန်မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးယာဉ်နဲ့ ပဲခူးမြို့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။