တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့ဟာ သန့်ရှင်းတဲ့ စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်တွေ၊ ကွမ်တမ်ကွန်ပြူတာနဲ့ တခြားဆန်းသစ်တီထွင် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအတွက် နိုဝင်ဘာ ၁၇ ရက်က ဆီလီကွန်တောင်ကြားက စတန်းဖို့ဒ်တက္ကသိုလ်အတွင်း စားပွဲဝိုင်း ဆွေးနွေးပွဲထဲမှာ ကတိပြုခဲ့ကြပါတယ်။
ဒါဟာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းမှုရဲ့ နောက်ဆုံး လက္ခဏာပါ။ ယွန်းနဲ့ ခိရှိဒါတို့ အခုနှစ်အစောပိုင်းက အပြန်အလှန် ဆက်ဆံရေး တိုးတက်စေဖို့ မလှုံ့ဆော်ခင်က တောင်ကိုရီးယားနဲ့ ဂျပန်ကြားဆက်ဆံရေးဟာ နက်ရှိုင်းတဲ့အခက်အခဲ ကြားမှာ ရှိနေခဲ့ပါတယ်။
ဒီနှစ် အစောပိုင်းမှာတော့ အခြေအနေ တိုးတက်အောင်လုပ်ဖို့ စတင်လှုပ်ရှားခဲ့ပြီး တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင် နှစ်ဦးဟာ အကြိမ်ရေ ဒါဇင်ဝက်ကျော် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ အာရှ -ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး နောက်ဆုံးနေ့အဖြစ် စတန်းဖို့ဒ်မှာ ကျင်းပခဲ့တာပါ။
ခေါင်းဆောင်နှစ်ဦးဟာ ဩဂုတ်လက ကမ့်ဒါဗီမှာ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒီထိပ်သီး ညီလာခံရဲ့ ဆက်စပ်ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီသုံးနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ မဟာမိတ်အဖွဲ့ကို ပြန်လည်ထူထောင်ရေး၊ စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။
Source/Photo-Reuters