ပင်လယ်ကွေ့အာရပ်နိုင်ငံ ဘာရိန်းရဲ့ အိမ်ရှေ့မင်းသားက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ် နဲ့ အစ္စရေးတို့ကြား ဓားစာခံ လဲလှယ်ဖို့ နိုဝင်ဘာ ၁၇ ရက်က တောင်းဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲ အဆုံးသတ်ရေး ဦးတည်သွား နိုင်တယ်လို့လည်း သူက ပြောပါတယ်။
မင်းသား ဆယ်လ်မန် ဘင် ဟာမဒ် အယ်လ် ခါလီဖှာက ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုနဲ့ အစ္စရေးရဲ့ လေကြောင်း စစ်ဆင်ရေး နှစ်ခုလုံးကို ပြတ်ပြတ် သားသား ရှုတ်ချခဲ့ပြီး ဂါဇာမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ အစ္စရေး အမျိုးသမီးတွေနဲ့ ကလေးတွေကို လွှတ်ပေးဖို့နဲ့ အစ္စရေး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်း အမျိုးသမီး တွေနဲ့ ကလေးတွေကို လွှတ်ပေးဖို့ အစ္စရေးကို အပြန်အလှန် တောင်းဆိုခဲ့ပါတယ်။
နှစ်နိုင်ငံဖြေရှင်းချက်မပါဘဲ လုံခြုံရေးကို အကောင်အထည် ဖော်နိုင်မှာမဟုတ်သလို အမေရိကန်ပြည်ထောင်စုကိုလည်း ဒီ အောင်မြင်မှုရရှိရေးမှာ မရှိမဖြစ်လိုအပ်တယ်လို့ သူကပြော ပါတယ်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံကလဲ အစ္စရေး ဓားစာခံ ၂၄၀ ကျော်ကို လွှတ်ပေးဖို့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေး တာဝန်ရှိသူတွေကြား ဖျန်ဖြေဖို့ ကြိုးပမ်းရာမှာ ဦးဆောင်နေပါတယ်။
ဆွန်နီမွတ်စလင်တွေ အုပ်ချုပ်တဲ့ ဘာရိန်းနိုင်ငံဟာ ဒေသတွင်း အင်အားကြီး ရှီးယိုက် မွတ်စလင် အများစုရှိတဲ့ အီရန်နိုင်ငံအပေါ် စိုးရိမ်နေလို့ တစိတ်တပိုင်းအားဖြင့် အမေရိကန်က ကြားဝင် ဆောင်ရွက်ပေးတဲ့ အေဗရာဟင်မ် သဘောတူညီချက်အောက်မှာ ၂၀၂၀ ခုနှစ်က အစ္စရေးနဲ့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။
ဘာရိန်းဟာ အမေရိကန်ရဲ့ အရေးပါတဲ့ လုံခြုံရေးမိတ်ဖက် နိုင်ငံဖြစ်ပြီး အမေရိကန်ရေတပ်ရဲ့ ပဉ္စမမြောက် ရေတပ်သင်္ဘော အုပ်စုကို လက်ခံ ထားပါတယ်။
Source/Photo-Reuters